
နေပြည်တော်နဲ့ ရန်ကုန်ကို ပြေးဆွဲနေတဲ့ အဝေးပြေးယာဉ်လိုင်းတွေရဲ့ ယာဉ်စီးခဈေးနှုန်းတွေ အဆမတန်မြင့်တက်လာတာကြောင့် ခရီးသွားပြည်သူတွေ အခက်အခဲကြုံနေရတယ်လို့ ခရီးသည် တွေဆီက သိရပါတယ်။
ပုံမှန်အားဖြင့် နေပြည်တော်-ရန်ကုန် ခရီးစဉ်အတွက် တခုံကို ကျပ် ၂၅,၀၀၀ ဝန်းကျင်ပဲ ရှိခဲ့ပေမဲ့ ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်လောက်ကစပြီး ကားခဈေးနှုန်းတွေ မြင့်တက်လာကာ လက်ရှိမှာ တခုံကို ကျပ် ၄၅,၀၀၀ ကနေ ၅၀,၀၀၀ အထိ ပေးနေရတယ်လို့ ခရီးသွားတွေဆီက သိရပါတယ်။
နေပြည်တော်သွား ခရီးသည်တယောက်က “အရင်ကထက် ကားခတွေ အဆမတန်တက်သွားတာပါ။ အခုဆို တခုံစာကို ကျပ် ၅၀,၀၀၀ အထိ ပေးနေရပါတယ်။ မဖြစ်မနေ သွားလာနေရတာဆိုတော့ ကုန်ကျစရိတ်တွေက အရမ်းများနေတယ်လေ” လို့ ပြောပါတယ်။
ယာဉ်စီးခဈေးနှုန်းတွေ မြင့်တက်လာတဲ့အပြင် ကားလက်မှတ်တစောင်ရဖို့ ၃ ရက်ကနေ ၅ ရက်အထိ ကြိုတင်ချိတ်ဆက်ဝယ်ယူနေရပြီး ပါဆယ်ပစ္စည်းတွေ သယ်ယူခွင့်လည်း ကန့်သတ်ထားတယ်လို့ ခရီးသွားတွေက ဆိုပါတယ်။
နေပြည်တော်-ရန်ကုန် ယာဉ်လိုင်းတာဝန်ခံတယောက်ကတော့ ကားခဈေးနှုန်းတွေ မြင့်တက် လာရတာဟာ စက်သုံးဆီဈေးနှုန်း မတည်ငြိမ်တာနဲ့ ဆီလိုသလောက် ဝယ်ယူမရတာတွေကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။
ခရီးတယောက်က “အဝေးပြေးကားခတွေ တက်လာရတဲ့ အဓိကအကြောင်းရင်းက စက်သုံးဆီ ဈေးနှုန်းတွေ မတည်ငြိမ်တာနဲ့ ဆီလိုသလောက် ဝယ်ယူမရတာတွေကြောင့်ပါ။ ဒါ့အပြင် လမ်းကြေး၊ ဂိတ်ကြေးတွေမှာလည်း အရင်ကထက် ပိုပေးဆောင်နေရတာကြောင့် အခြေအနေပေါ်မူတည်ပြီး ကားခတွေ ကောက်ခံနေရတာပါ”လို့ ပြောပါတယ်။
ဒါ့အပြင် အရင်လို ညပိုင်းခရီးစဉ်တွေ ပုံမှန်ပြေးဆွဲနိုင်ခြင်းမရှိဘဲ အချိန်ကန့်သတ်ချက်တွေနဲ့ ပြေးဆွဲနေရတာ၊ ပါဆယ်ပစ္စည်းတွေ တင်ဆောင်ခွင့်မရတာနဲ့ ခရီးသည်ရရှိမှု လျော့နည်း လာတာ တွေကလည်း ယာဉ်လိုင်းတွေအပေါ် သက်ရောက်မှုရှိနေတယ်လို့ သိရပါတယ်။
စက်သုံးဆီချွေတာရေးဆိုင်ရာ အမိန့်တွေထုတ်ပြန်ပြီးနောက် စက်သုံးဆီဝယ်ယူရရှိမှု အခက်အခဲ တွေနဲ့ ဈေးနှုန်းမြင့်တက်မှုတွေ ဖြစ်ပေါ်လာတာကြောင့် အခြေခံလူတန်းစားတွေ အားထားနေရတဲ့ အဝေးပြေးယာဉ်စီးခဈေးနှုန်းတွေလည်း လိုက်ပါမြင့်တက်လာပြီး ခရီးသွားပြည်သူတွေအတွက် သွားလာရေးစရိတ် ပိုမိုကုန်ကျလာတယ်လို့ သိရပါတယ်။











