
ရန်ကုန်မြို့မှာ YBS ကားခ တိုးမြှင့်ဖို့ရှိနေပြီး ခရီးသည်တွေအနေနဲ့ အာဏာမသိမ်းခင် အချိန်ကထက် ကားခ ၃ ဆပိုကုန်ကျတော့မှာဖြစ်ပြီး အခြေခံလူတန်းစားတွေအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာပါတယ်။
စက်တင်ဘာ ၁ ရက်နေ့ကစလို့ ကားခတွေကို ၆၀၀ ကျပ်အထိ တိုးမြှင့်ကောက်ခံသွားမှာဖြစ်ပြီး ယာဉ်ပြင်ဆင်ခစရိတ်တွေကြီးမြင့်လာတာကြောင့်လို့ YRTC က တာဝန်ရှိသူ ဦးလျန်ကျင့်မာန်က ဆိုပါတယ်။
“အဓိက ယာဉ်ပြင်ဆင်ခစရိတ်တွေ မြင့်တက်နေတာပေါ့။ ယာဉ်ပြင်ဆင်စရိတ်တွေ တော်တော် ရှုံးနေလို့၊ အဲဒါကြောင့်ပါ။ ပြင်ဆင်စရိတ်ကကြီးတော့ ကားတွေက အပြည့်မထွက်နိုင်ဘူး။ ရပ်ထားရတယ်” လို့ ပြောပါတယ်။
ပြင်ဆင်ခစရိတ်တွေမြင့်တက်လာတာကြောင့် အရင်ကပြေးဆွဲနေတဲ့ အစီးရေ ၄,၀၀၀ ဝန်းကျင်ကနေ အခုတော့ ၃,၀၀၀ လောက်ပဲ ပြေးဆွဲနိုင်တော့တယ်လို့ သိရပါတယ်။
မြို့တွင်း ၆ မြို့နယ်ကိုပြေးဆွဲနေတဲ့ YBS 56၊ YBS 57၊ YBS 58 လိုင်းတွေက အခုကောက်ခံနေတဲ့ ၂၀၀ ကျပ်အစား ၃၀၀ ကျပ်၊ တခြား YBS လိုင်းတွေကတော့ ၄၀၀ ကျပ်ကနေ ၆၀၀ ကျပ်အထိ တိုးကောက်သွားမယ်လို့ သိရပါတယ်။
ကုမ္ပဏီဝန်ထမ်းတယောက်က “ရတဲ့လစာနဲ့ကားခက အဆင်မပြေဘူး။ ၆၀၀ ဆိုတာ မဖြစ်သင့်ဘူးလေ။ တိုက်ရိုက်ရောက်တဲ့ကားဆို အဆင်ပြေပေမဲ့ နှစ်ဆင့်၊ သုံးဆင့်လောက်ဆိုရင် သွားပြီ။ တကယ်ကို YBS အားကိုးပြီးသွားနေရတဲ့သူက အခက်အခဲတွေဖြစ်တာပေါ့” လို့ ပြောပါတယ်။
ဒီမတိုင်ခင်ကပဲ တချို့ယာဉ်လိုင်းတွေက ၅၀၀ ကျပ်အထိတိုးမြှင့်ကောက်ခံနေသလို ငွေအကြွေအခက်အခဲကြောင့်လည်း ၅၀၀ ကျပ်စီ ပေးရတာမျိုးရှိနေပြီး အခုလို ကားခတိုးလာတာဟာ အခြေခံလူတန်းစားတွေအတွက် အဆင်မပြေဘူးလို့ ပုဂ္ဂလိက ဝန်ထမ်းတွေက ပြောပါတယ်။
ရန်ကုန်မြို့မှာ YBS ကားစီးသူဦးရေ ၁ ဒသမ ၈ သန်းရှိပြီး တိုက်ရိုက်မရောက်လို့ ၂ ဆင့်အထက် စီးရသူ ၆၄ ရာခိုင်နှုန်းရှိတယ်လို့ အရပ်ဘက်အဖွဲ့တခု ဖြစ်တဲ့ Pace-Myanmar အဖွဲ့ရဲ့ ဇူလိုင်လအတွင်းက ထုတ်ပြန်တဲ့ YBS ဘတ်စ်ကားစနစ် ၁၀ နှစ်တာ အခြေအနေ စစ်တမ်းမှာ ဖော်ပြထားပါတယ်။
အာဏာမသိမ်းခင်က YBS ယာဉ်စီးခ ၂၀၀ ကျပ်ဖြစ်ပြီး ကား ၂ ဆင့် ပြောင်းစီးရလို့ အသွားအပြန် ကုန်ကျစရိတ်က တရက်ကို ၈၀၀ ကျပ်၊ ၁ လကို ၂၄,၀၀၀ ကျပ် ကျသင့်မှာ ဖြစ်ပါတယ်။
အခုကားခ ၆၀၀ ကျပ်ဖြစ်ရင် အသွားအပြန် ကား ၄ ဆင့်အတွက် တရက် ၂,၄၀၀ ကျပ်နဲ့ တလကို ၇၂,၀၀၀ ကျပ်ကျမှာဖြစ်ပြီး အာဏာမသိမ်းခင်အချိန်ကထက် ကုန်ကျစရိတ် ၃ ဆ တိုးလို့ ၄၈,၀၀၀ ကျပ် ပိုကုန်လာရတာ ဖြစ်ပါတယ်။
ရန်ကုန်မြို့နေ YBS စီး ကုမ္ပဏီဝန်ထမ်းတယောက်က “အလုပ်က လစာပဲ မတိုးတာ။ ကျန်တာတွေက တိုးပြီးရင်း တိုးနေတာ။ အလုပ်လုပ်နေရင်းကို ကျပ်တည်းနေရတာကတော့ မဟုတ်သေးဘူး” လို့ ပြောပါတယ်။
Peace-Myanmar ရဲ့ စစ်တမ်းတွေ့ရှိချက်အရဆိုရင် ယာဉ်စီးခ ၂၀၀ တိုးလိုက်တာဆိုပေမဲ့ ကား ၂ ဆင့် စီးပြီး အသွားအပြန် လုပ်နေရသူအတွက် တရက်မှာ ၈၀၀ ကျပ် ပိုကုန်ကျစရာ ဖြစ်ရပါတယ်။
ဒီငွေပမာဏက အဆင်ပြေသူအတွက် မပြောပလောက်ပေမဲ့ သာမန်သူတွေအတွက် ကြက်ဥ တလုံး၊ ဆန်နို့ဆီဘူး ၁ ဘူးစာနဲ့ ညီမျှနေပါတယ်။
YBS ဘတ်စ်ကားစီးခဟာ အခုဆိုရင် အာဏာမသိမ်းခင်က နှုန်းထားရဲ့ ၃ ဆတိုးလာတာ ဖြစ်ပါတယ်။
လက်ရှိ စီးပွားရေးအဆင်မပြေမှုနဲ့ အထွေထွေအကျပ်အတည်း ကြုံတွေ့နေရချိန်မှာ ပြည်သူတွေရဲ့ အခြေအနေကိုမငဲ့ဘဲ YBS ကားခတိုးသတ်မှတ်တဲ့လုပ်ရပ်က စိတ်ပျက်စရာ လုပ်ရပ်တခုအဖြစ် ခရီးသည်တွေက ဝေဖန်နေကြပါတယ်။
Pace-Myanmar ရဲ့ ခရီးသည်တွေကို မေးမြန်းကောက်ယူထားတဲ့ အစီရင်ခံစာမှာ ယာဉ်စီးခ ၆၀၀ ကျပ် မပြောင်းခင်မှာ လက်ရှိနှုန်းကသင့်တင့်ကြောင်း ခရီးသည် ၇၈ ရာခိုင်နှုန်းက ဖြေဆိုပြီး ၁၈ ရာခိုင်နှုန်းက ထပ်လျှော့သင့်ကြောင်းပြောသလို တိုးကောက်ဖို့ ဖြေဆိုသူ ၃ ရာခိုင်နှုန်းပဲ ရှိခဲ့ပါတယ်။
အခုလို ကားခဈေး တိုးမြှင့်လိုက်တဲ့ အကျိုးဆက်က ဝင်ငွေနည်းအလုပ်သမားတွေ၊ ကားတဆင့်တည်း မရောက်လို့ ပြောင်းစီးရသူတွေကို ပိုပြီး ထိခိုက်စေမှာဖြစ်ပေမဲ့ နောက်ဆက်တွဲကတော့ အဖက်ဖက်က စရိတ်တွေတိုးလာတော့မှာ ဖြစ်ပါတယ်။
YRTC လက်အောက်မှာ YBS ယာဉ်အစီးရေ ၆,ဝဝဝ ကျော်ရှိနေပြီး နေ့စဉ် ယာဉ်အစီးရေ ၃,ဝဝဝ လောက် ပြေးဆွဲပေးနေတာဖြစ်ပါတယ်။











