
အက်စတွန်ဗီလာအသင်းဟာ ချဲလ်ဆီးတောင်ပံကစားသမား အလီဂျန်ဒရို ဂါနာချိုကို ၂၀၂၆-၂၇ ရာသီကုန်အထိ အငှားခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။
ဒီစာချုပ်မှာ အပြီးသတ်ဝယ်ယူခွင့် ပါဝင်ပြီး အငှားစာချုပ် အပြီးသတ်ဖြစ်သွားရင် ဗီလာပတ်ခ်မှာ ၄ နှစ်စာချုပ် ချုပ်ဆိုဖို့ စီစဉ်ထားတာပါ။
အပြီးသတ်ဝယ်ယူခွင့်အတွက် သတ်မှတ်ချက်တွေကိုတော့ ထုတ်ပြန်ခြင်း မရှိပါဘူး။ ဒါပေမဲ့ ကစားသမားရဲ့ ပါဝင်ပွဲအရေအတွက်အပေါ် မူတည်မယ်လို့ ခန့်မှန်းထားပါတယ်။
ချဲလ်ဆီးဘက်ကတော့ ဒီသတ်မှတ်ချက်တွေ ပြည့်မီရင် ပေါင် ၄၃ သန်းတန်ကြေး ရရှိမယ်လို့ မျှော်လင့်ထားပါတယ်။
ဂါနာချိုဟာ ချဲလ်ဆီးမှာ ပရီးမီးယားလိဂ် တဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီ ပြိုင်ပွဲစုံ ၄၃ ပွဲမှာ ၈ ဂိုးသွင်း၊ ၄ ဂိုး ဖန်တီးပေးခဲ့တာပါ။
သူဟာ အသင်းနဲ့ အသားမကျတာ၊ ကြိုးစားအားထုတ်မှု နည်းပါးတာတွေ ရှိတယ်လို့ ဝေဖန်ခံရတာတွေ ရှိခဲ့ပါတယ်။
ချဲလ်ဆီးဟာ သူ့ကို မန်ယူကနေ ပေါင် သန်း ၄၀ နဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး အခုတော့ အသင်းကနေ ထွက်ခွာခဲ့တာပါ။
ဒီအပြောင်းအရွှေ့ဟာ မော်ဂန်ရော်ဂျာစ်ကို ပေါင် ၁၁၇ သန်းနဲ့ ခေါ်ယူခဲ့တာကြောင့် ချဲလ်ဆီးအသင်းရဲ့ ဘဏ္ဍာရေးကို မျှတအောင် လုပ်ဆောင်တာလည်း ဖြစ်ပါတယ်။











