ဂါနာချို၏ ကြိုးစားအားထုတ်မှုကို ဗီလာနည်းပြအမ်မရီ ချီးကျူး

အက်စတွန်ဗီလာ တောင်ပံကစားသမား ဂါနာချိုရဲ့ လေ့ကျင့်ရေးဆင်းမှုနဲ့ အမူအကျင့်ကိုတော့ နည်းပြဖြစ်သူ အူနိုင်းအမ်မရီက ချီးကျူးခဲ့ပါတယ်။
ရာသီအစက ကြံ့ခိုင်မှုပိုင်း ရုန်းကန်ခဲ့ရပေမဲ့ အခုအခါမှာ အဆင့်မြင့်မြင့် လေ့ကျင့်နေတယ်လို့ ဆိုပါတယ်။
ဇန်နဝါရီ အပြောင်းအရွှေ့ ကိစ္စကို စဉ်းစားမနေဘဲ အသင်းမှာ ကြိုးစားသွားဖို့ သာ အမ်မရီက ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ချယ်လ်ဆီးကနေ အက်စတွန်ဗီလာဆီ ငှားရမ်းထားတဲ့ တောင်ပံကစားသမား ဂါနာချိုဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ၃၄ မိနစ်သာ ကစားခွင့် ရပါသေးတယ်။
ဂါလာတာဆာရေးနဲ့ ချန်ပီယံလိဂ်ပွဲမှာလည်း အရန်ခုံမှာတောင် မပါဝင်ခဲ့ဘဲ ချန်လှပ်ခံခဲ့ရတာ ဖြစ်ပါတယ်။
နည်းပြ အူနိုင်းအမ်မရီကတော့ အသင်းမှာ တခြားကစားသမားတွေကို ဦးစားပေး ရွေးချယ်နေရတာ ကြောင့် ဖြစ်ကြောင်း ပြောပါတယ်။
Photo:Reuters











