
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာမှာ မိုသည်းထန်စွာ ရွာသွန်းပြီး ကမ်းပါးပြိုကျလို့ ဆေးရုံအပါအဝင် လမ်းတွေနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးမဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ကြိမ်ချောင်းရွာမှာ အခုရက်ပိုင်း မိုးအရမ်းရွာနေတာကြောင့် ဩဂုတ် ၁၇ ရက်ကစလို့ ကမ်းပါးတွေ ဆက်တိုက်ပြိုကျနေပြီး ရွာတောင်ဘက်က ဆေးရုံအရှေ့ပိုင်းနဲ့ ကမ်းပါးဘေးမှာရှိတဲ့ အိမ် ၅ ဆောင်နဲ့ ဆိုင်ခန်းတချို့လည်း အန္တရာယ်ရှိနေတယ်လို့ ကျေးရွာသားတယောက်က ပြောပါတယ်။
“မိုးရွာလို့ တောင်ကျရေတွေကြောင့် အခုလို ကမ်းပါးတွေပြိုကျတာပါ။ ဆေးရုံရှေ့ကလမ်းနဲ့ ဆေးရုံအုပ်ခြံစည်းရိုး ပျက်စီးသွားပြီ။ နောက်ထပ် မိုးရွာပြီး တောင်ကျရေတွေသာ ဆက်တိုက်စားရင် ဆေးရုံအနီးနားနဲ့ ကမ်းနားက နေအိမ်တွေ ဆိုင်ခန်းတွေ ပြိုကျသွားမှာ။”
ရခိုင်မှာ မိုးသည်းထန်စွာရွာရင် တောင်ကျရေကြောင့် ကမ်းပါးပြိုကျလေ့ရှိပေမဲ့ ဒါကို ထိန်းသိမ်းဖို့ လိုအပ်တယ်လို့ မောင်တောဒေသခံ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းတွေမှာ ကူညီဆောင်ရွက်နေတဲ့ လူငယ်တယောက်က ပြောပါတယ်။
“မင်းပြားတို့ မြောက်ဦးတို့ ကျောက်တော်ဘက်တွေမှာလည်း မကြာမကြာ ကမ်းပြိုတယ်။ ကမ်းပြိုတာကို ချက်ချင်းထိန်းသိမ်းဖို့ မလွယ်ကူပေမဲ့ အမြစ်ခိုင်တဲ့သစ်ပင် စိုက်တာတွေ၊ ဒီရေတော စိုက်တာတွေ လုပ်သင့်တယ်။ ယာယီကာကွယ်ဖို့ဆို သဲထုပ်တွေ၊ ကျောက်စရစ်တွေနဲ့ တတ်နိုင်သလောက် ကာကွယ်ထားဖို့လိုတယ်။ ကမ်းပါးနဲ့နီးရင် မနေတာက အကောင်းဆုံးပါ။”
အခုလို မိုးသည်းစွာရွာသွန်းပြီး ကမ်းပါတွေ ပြိုကျနေတာကြောင့် လမ်းတချို့လည်း သွားလာဖို့ ခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တောင်ကျရေတွေဟာ မောင်တော ပြူးမချောင်းထဲကို အရှိန်ပြင်းပြင်းနဲ့ စီးဝင်လာတာကြောင့် ရေတိုက်စားမှု ပိုများလာပြီး ကမ်းပါးတွေ ပြိုကျလာတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒီရွာမှာ မိုးရာသီတိုင်း တောင်ကျရေနဲ့ ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုတာတွေ ဖြစ်လေ့ရှိပေမဲ့ ဒီနှစ်မှာတော့ အရင်နှစ်တွေထက် ပိုဆိုးနေတယ်လို့ သိရပါတယ်။











