DVB Logo
Home
မြန်မာသတင်း
ခရီးသွားရာသီ နီးလာချိန် ပြည်တွင်း ပြည်ပ ခရီးသွားလုပ်ငန်းများ တိုးတက်လာ
ဝေဝေ
·
September 23, 2026
Photo: DVB Archive
Photo: DVB Archive
Donate to DVB

ခရီးသွားရာသီ စတင်တော့မှာမို့ မြန်မာပြည်တွင်းခရီးသွားတွေနဲ့ ခရီးသွားလုပ်ငန်းတွေ ပြင်ဆင်မှုတွေ ရှိလာတာကြောင့် လတ်တလော ခရီးသွားလုပ်ငန်း တိုးတက်လာကြောင်း ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။

လာမဲ့ သီတင်းကျွတ်ကာလမှာ ပိတ်ရက်ရှည်ရှိတာကြောင့် ပုဂံဒေသက ဟိုတယ်အခန်းတွေရဲ့ ၇၀ ရာခိုင်နှုန်းနီးပါး ပြည့်နေပြီလို့ ဟိုတယ်လုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။

အလားတူ ချောင်းသာနဲ့ ငွေဆောင်လို အပန်းဖြေရာ နေရာတွေမှာလည်း ဟိုတယ်အခန်းတွေကို ကြိုတင် ဘွတ်ကင်တင်နေကြတာ ရှိတယ်လို့ သိရပါတယ်။

ရာသီလိုက်ပြီး လုပ်ကိုင်ကြတဲ့ ခရီးသွားလုပ်ငန်းတွေနဲ့ တစိုက်မတ်မတ် ခရီးသွားလုပ်ငန်း လုပ်ကိုင်ကြသူတွေ အနေနဲ့ကတော့ ဒီအခြေအနေဟာ ခရီးသွားလုပ်ငန်း တိုးတက်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတယောက်က “မြန်မာပြည်ရဲ့ အနေအထားကတော့ ပွင့်လင်းရာသီကို ရောက်တော့မဲ့ အနေအထား ရှိတဲ့အတွက် အခုကတော့ ပြည်တွင်းခရီးသွားလုပ်ငန်းက စတင်ပြင်ဆင်လာတဲ့ အနေအထားတွေ ရှိလာတယ်ပေါ့နော်။ ခရီးသွားတွေဘက်ကလည်း အခု သီတင်းကျွတ်တို့ တန်ဆောင်တိုင်တို့အတွက်ကို ခရီးစဉ် သွားဖို့အတွက် ပြင်ဆင်တာတွေ ရှိတာဖြစ်တဲ့အတွက် ပြီးခဲ့တဲ့ မိုးတွင်းနဲ့ စာလို့ရှိရင်တော့ အခု အနေအထားလေးကတော့ ပြည်တွင်း ခရီးသွားလုပ်ငန်းလေးက လှုပ်လှုပ်ရွရွလေး အနေအထားလေး ရှိပါတယ်။ ပြည်တွင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်သူ အနေနဲ့ကတော့ တိုးတက်လာတဲ့ အနေအထားကိုတော့ ဝမ်းသာပါတယ်။ အခုဆိုလို့ရှိရင်လည်း အရင်ကထက် ပိုပြီးတော့ သွားလာလို့ရတဲ့ နေရာဒေသလေးတွေလည်း ဒီ တစတစနဲ့ ပြန်ရလာပြီဆိုတော့ အဲဒီအတွက် ဝမ်းသာပါတယ်။ ဒီလိုမျိုး အရင်က နီးပါးလိုမျိုး ပြန်သွားလို့ရအောင်လည်း ဖြစ်စေချင်ပါတယ်” လို့ ပြောပါတယ်။

ပြည်တွင်းခရီးစဉ်တွေအပြင် ပြည်ပခရီးစဉ်တွေမှာပါ တိုးတက်မှုရှိလာကြောင်းလည်း သိရပါတယ်။

အများစုကတော့ တရုတ်ပြည်ဘက်က ခရီးသွားလုပ်ငန်းရှင်တွေနဲ့ ချိတ်ဆက်လုပ်ဆောင်ရတာ ဖြစ်ကြောင်း သူက ဆက်ပြောပြပါတယ်။

ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတယောက်က “ကြော်ငြာတွေ မိတ်ဆက်လာတာ ရှိတယ်။ ဒီနှစ်မှာဆိုလို့ရှိရင်တော့ တရုတ်ပြည်ဘက်ပေါ့နော်။ တရုတ်ပြည် ချုံချင့်တို့ ဝူလုံတို့ ရှန်ဟိုင်းခရီးစဉ်တွေ ဆိုလို့ရှိရင် တရုတ်ပြည်က Local Tour က မြန်မာပြည်က Tour တွေကို လာရောက်ချိတ်ဆက်မှုတွေ အများကြီးရှိပါတယ်။ သွားရောက်ကြတဲ့ ဧည့်သည်တော်တွေလည်း ပြည်ပခရီးစဉ်တွေကိုလည်း များပြားလာပါတယ်။ အရင်ထက် ပိုပြီးတော့ပေါ့နော်။ ပြည်တွင်းမှကတော့ တော်တော်များများက သွားလို့ရတဲ့ နေရာဒေသကတော့ ဒီပုံမှန်သွားနေကြဖြစ်တဲ့ တောင်ကြီးတို့ ပုဂံတို့က ရိုးသွားပြီဆိုတော့ ငွေကြေး အနည်းငယ်သုံးနိုင်သူတွေကတော့ ပြည်ပခရီးစဉ်တွေကို သွားကြတယ်။ ပြည်ပခရီးစဉ်တွေမှာ ဆိုလို့ရှိရင် အရင်တုန်းက သွားနေကြဖြစ်တဲ့ ဘန်ကောက်တို့ ဗီယက်နမ်တို့ သာမကဘဲ အခုဆိုရင်တော့ နောက်ပိုင်းမှာ တရုတ်ပြည်ခရီးစဉ်တွေကို တော်တော်လေး သွားလာကြတာ ရှိပါတယ်” လို့ ပြောပါတယ်။

ပိတ်ရက်ရှည် အပန်းဖြေဖို့အတွက် အပျော်ခရီးသွားတွေ တိုးလာတဲ့ အခြေအနေမှာပဲ ပုံမှန် ခရီးသည်တွေ အနေနဲ့ကတော့ လုံခြုံရေးအရ စစ်ဆေးခံရတာ၊ စောင့်ဆိုင်းရတာတွေ ရှိတာကြောင့် နေ့စဉ် သွားလာနေတဲ့ အဝေးပြေးကားတွေနဲ့ ခရီးသွားလာမှုမှာတော့ နည်းပါးကြောင်း ကလော-ရန်ကုန် အဝေးပြေးကားနဲ့ ပုံမှန်သွားနေတဲ့ ခရီးသည်တယောက်က ပြောပါတယ်။

“Express ကား တစီးဆိုရင် လူအယောက် ၄၀၊ ၅၀ လောက် စီးတယ်လေနော်။ အဲဒီကားပေါ်မှာက လူက ၁၅ ယောက် ၁၆ ယောက်အပြင် အပိုမပါဘူးပေါ့နော်။ ညီမသွားတဲ့ကားက နေ့ကား၊ လူထက် ကုန်စိမ်းတင်လာတာ များတယ်ပေါ့နော်။ နောက်ပြီး ပြန်တဲ့အချိန်မှာလည်း လူ ၁၀ ယောက် ၁၅ ယောက်လောက်ပဲ ပါတယ်။ အခုက ခရီးစဉ်တွေကလည်း မသွားမဖြစ်လို့ သွားရတာ။ အပန်းဖြေခရီးဆိုတာ သွားဖို့ဆိုတာတော့ အခုလောလောဆယ် အခြေအနေနဲ့ဆို အဆင်မပြေနိုင်ဘူးပေါ့နော်။ ကားခတွေကလည်း ဈေးကြီးလာတယ်။ အားနည်းလာတယ်ပေါ့နော် တဖြည်းဖြည်းနဲ့။ ဒီတနှစ် သွားတဲ့အခါမှာ အဲလို ကားပျက်တာတွေလည်း ကြုံဖူးတယ်ပေါ့နော်။ နောက်ပြီးတော့ အဲလို လမ်းပေါ်မှာလည်း ရပ်နေရတဲ့ အနေအထားပေါ့။ အရင်တုန်းက အဲလိုမျိုးတွေ မဟုတ်ဘူး။”

လာမဲ့ သီတင်းကျွတ် ပိတ်ရက်ရှည်အတွင်းမှာ ဘုရားဖူးယာဉ်တွေနဲ့ ခရီးသွားမဲ့သူတွေအနေနဲ့ ဖုန်းထဲမှာ ဥပဒေနဲ့မညီတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ မပါရှိစေဖို့၊ နိုင်ငံသားစိစစ်ရေးကတ် ဒါမှမဟုတ် ခရီးသွားထောက်ခံစာတွေ ယူဆောင်ဖို့နဲ့ လမ်းခရီးစစ်ဆေးရေးအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ပြည်တွင်းဘုရားဖူးနဲ့ ခရီးသွားဝန်ဆောင်မှုအသင်းက စက်တင်ဘာ ၂၁ ရက်မှာ အသိပေး ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013