
မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေချိန်မှာ နိုင်ငံခြားသား ခရီးသွား Vlogger တချို့က ရန်ကုန်၊ မန္တလေးနဲ့ ခရီးသွားနေရာတွေကို သွားရောက်ပြီး သူတို့ရဲ့ ခရီးသွားအတွေ့အကြုံတွေကို Social Media ပေါ်မှာ မျှဝေလာကြပါတယ်။
ဒီလို Content တွေဟာ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို ဘယ်လိုပုံဖော်ပေးနေသလဲ၊ ခရီးသွား Content သက်သက်လား၊ ဒါမှမဟုတ် တခြားရည်ရွယ်ချက်တွေ ရှိနိုင်သလား ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။
တော်လှန် Blogger တဦးဖြစ်တဲ့ Travel by Naw Htike က “တချက်ကကျတော့ ရွေးတုသမ္မတ တက်ပြီး နောက်ပိုင်းမှာ ပိုများလာတယ်ပေါ့နော်။ ဒီနိုင်ငံခြားသား ဘလော့ဂါတွေ ဆိုတာက သူတို့တွေက ဒီလိုမျိုး ပဋိပက္ခဖြစ်တဲ့နေရာကို ပိုသဘောကျကြတယ်ပေါ့။ နောက်တနည်းကကျတော့ ရွေးတုသမ္မတ မင်းအောင်လှိုင်ရဲ့ လူတွေကပေါ့နော် တနည်းအားဖြင့် ဗျူဟာကျကျ နိုင်ငံခြားက ခရီးသွား ဘလော့ဂါတွေကို ဖိတ်ခေါ်တာလည်း ဖြစ်ဖို့များတယ်ပေါ့။ အဲဒီနေရာမှာလည်း တကယ်တမ်း စစ်ဖြစ်ရာဇုန်တွေကို မသွားဘဲနဲ့ တကယ် မြို့ပေါ်လောက်ပဲပေါ့နော်၊ ရန်ကုန်၊ မန္တလေးလောက်ပဲ သွားပြီးတော့ ကျနော်တို့က အဆင်ပြေနေတယ်၊ ဒီနေရာ ပုံမှန်ပါပဲ ဆိုတာမျိုးကို ချပြတာလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်ပေါ့” လို့ ပြောပါတယ်။
ခရီးသွား Content တခုက နိုင်ငံတခုရဲ့ လက်ရှိအခြေအနေကို ဘယ်လောက်အထိ ထည့်သွင်းဖော်ပြသင့်သလဲ ဆိုတာကတော့ Content Creator တယောက်ချင်းစီရဲ့ တာဝန်ယူမှုနဲ့လည်း သက်ဆိုင်ပါတယ်။
တော်လှန် Blogger တဦးဖြစ်တဲ့ Travel by Naw Htike က “တနိုင်ငံလုံးစာမှာ ခြုံမကြည့်နဲ့၊ မြို့နှစ်မြို့လောက်ပေါ့နော်၊ ရန်ကုန် မန္တလေး လောက်ကိုပဲ သွားရင်မှ ဒါဟာ လုံခြုံနေပါတယ်၊ ပုံမှန်ပါပဲ ဆိုတဲ့ဟာကို ပြရင်တော့ အန္တရာယ်များတဲ့ သတင်းစကားလို့တော့ အစ်မတော့ ယူဆတယ်ပေါ့နော်။ Ethic ရှိတာတွေ မရှိတာတွေ မစဉ်းစားဘူး၊ လုပ်သင့်တာ မလုပ်သင့်တာတွေ မစဉ်စားဘူး၊ သူတို့ viewer ရဖို့၊ သူတို့ ပေါက်ဖို့လောက် ဆိုတာကိုပဲ ခေါင်းထဲ ထည့်လာကြတယ်ပေါ့နော်။ ဒါကလည်း ခေတ်တခုကပေးတဲ့ ဆိုးကျိုးလို့ အစ်မတော့ ယူဆတယ်။ ဘာလို့လဲဆိုတော့ သူတို့ ဒီဗီဒီယိုက Viewer များမှ သူတို့ အဲဒီကနေ ပိုက်ဆံရမှာလေနော်။ နောက်ပိုင်း content တွေမှာ တကယ့်ကို Creation ကောင်းကောင်းနဲ့ Ethic ရှိတဲ့ ဘလော့တွေက မရှိဘူးတော့ မဟုတ်ဘူး၊ ရှိတယ်၊ ဒါပေမဲ့ အများစုကတော့ ပိုက်ဆံရဖို့အရေး Monetization ရဖို့ အရေးပဲ လုပ်ကြတယ်လို့ အစ်မတော့ မြင်တယ်ပေါ့နော်” လို့ ပြောပါတယ်။
တဖက်မှာတော့ နိုင်ငံခြားသား Travel Blogger တွေရဲ့ Vlog နဲ့ Content တွေက မြန်မာနိုင်ငံရဲ့ ခရီးသွားနေရာတွေကို နိုင်ငံတကာပရိသတ်တွေ သိရှိလာစေပြီး ခရီးသွားလုပ်ငန်းအတွက် အခွင့်အလမ်းတခု ဖြစ်လာနိုင်တယ်လို့ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။
ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတယောက်က “ပြည်ပက travel Vlogger တွေ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ပြီးတော့ တချို့နေရာတွေကို ခရီးသွားလို့ရတဲ့ နေရာအဖြစ် ဖော်ပြလာတာကတော့ ကောင်းတဲ့အရိပ်အယောင်တခု ဖြစ်ပါတယ်။ အခုခေတ်ကတော့ IT ခေတ်လည်း ဖြစ်တဲ့အတွက် ဆိုရှယ်မီဒီယာမှာ နေရာတခု၊ ဒေသတခု ပေါက်မြောက်သွားပြီ ဆိုရင်တော့ အတော်များများက သွားချင်တဲ့သူတွေက များကြတယ်ပေါ့နော်။ သို့သော် နေရာဒေသတခု နာမည်ကြီးလာတဲ့ အနေအထားမှာတော့ ထိန်းသိမ်းစောင့်ရှောက်မှုအနေနဲ့ စည်းကမ်းတကျလေး လုပ်ကိုင်ဆောင်ရွက်ဖို့တော့ လိုတယ်လို့ ထင်ပါတယ်။ ခရီးသွားတွေ ခရီးစဉ် ရွေးချယ်တဲ့အခါမှာ အဓိကကတော့ လုံခြုံရေးကို အဓိကကြည့်ပါတယ်။ အဲဒီအတွက်ကို ခရီးသွားလုပ်ငန်း ဝန်ဆောင်မှုတွေ အနေနဲ့ကလည်း ခရီးစဉ်တခုကို စီစဉ်ဆောင်ရွက်ရာမှာ အဓိက လုံခြုံရေး safety first ကိုလည်း အဓိကထားပေးပြီးတော့ စီစဉ်ပေးထားပါတယ်” လို့ ပြောပါတယ်။
Social Media ပေါ်မှာ နေရာတခုရဲ့ ပုံရိပ်ကောင်းတခု ပျံ့နှံ့လာတာနဲ့အတူ ခရီးသွားတွေ အဲဒီနေရာကို သွားရောက်ဖို့ စိတ်ဝင်စားလာနိုင်တာကြောင့် လုံခြုံရေးနဲ့ ခရီးသွားတွေအတွက် လိုအပ်တဲ့ အချက်အလက်တွေကို မှန်မှန်ကန်ကန် ဖော်ပြဖို့လည်း အရေးကြီးပါတယ်။
မြို့ပြဒေသတွေမှာ တွေ့မြင်ရတဲ့ ပုံမှန် လူနေမှုဘဝတခုတည်းနဲ့ ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေ အပါအဝင် တနိုင်ငံလုံးရဲ့ အခြေအနေကို ကိုယ်စားပြုနိုင်မလား ဆိုတာလည်း မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။










