DVB Logo
Home
Scam Awareness Initiative
ခရီးသွားရာသီ သတိထားရမည့် QR ကုဒ်၊ ဟိုတယ်၊ လေယာဉ်လက်မှတ် ငွေလိမ်နည်းများ
DVB
·
November 16, 2026
ခရီးသွားရာသီ သတိထားရမည့် QR ကုဒ်၊ ဟိုတယ်၊ လေယာဉ်လက်မှတ် ငွေလိမ်နည်းများ
Donate to DVB

ခရီးတခုအတွက် စိတ်လှုပ်ရှားစွာ ပြင်ဆင်နေချိန်မှာ ကိုယ့်ရဲ့ စုဆောင်းငွေတွေ ဆုံးရှုံးသွားမယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ မိသားစုနဲ့ အပန်းဖြေခရီးထွက်ဖို့ လေယာဉ်လက်မှတ်ဝယ်တယ်။ ဟိုတယ်အခန်း ကြိုတင်မှာယူတယ်။ ကိုယ်နှစ်သက်တဲ့ အဆိုတော်ရဲ့ ဖျော်ဖြေပွဲလက်မှတ်ကို အွန်လိုင်းကနေ ဝယ်တယ်။ စားသောက်ဆိုင်မှာ စားကြတယ် ဒါတွေ အားလုံးက ပျော်ရွှင်စရာ အစီအစဉ်တွေပါ။

ဒါပေမဲ့ ဒီပျော်ရွှင်မှုတွေနောက်ကွယ်မှာ မမြင်ရတဲ့ အန္တရာယ်တခု ရှိနေပါတယ်။ အဲဒါကတော့ ခရီးသွားတွေရဲ့ ယုံကြည်မှု၊ စိတ်လှုပ်ရှားမှုနဲ့ အလျင်လိုမှုကို အသုံးချတဲ့ အွန်လိုင်းငွေလိမ်မှုတွေ ဖြစ်ပါတယ်။

ယနေ့ခေတ်မှာ ငွေလိမ်သူတွေဟာ မသိတဲ့နာမည်တွေနဲ့ပဲ လိမ်လည်နေကြတာ မဟုတ်တော့ပါဘူး။ Booking.com၊ Agoda၊ Ticketmaster နဲ့ နာမည်ကြီး လေကြောင်းလိုင်းတွေရဲ့ အမည်၊ အမှတ်တံဆိပ်တွေကို တုပအယောင်ဆောင်ပြီး လှည့်စားနေကြပါတယ်။

တချို့ဖြစ်စဉ်တွေမှာ တကယ့်ဟိုတယ်ရဲ့ ကြိုတင်မှာယူမှုဆိုင်ရာ ဆက်သွယ်ရေးအကောင့်ကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုပြီး ဧည့်သည်တွေဆီ စာပို့လိမ်လည်တာမျိုးတောင် ရှိပါတယ်။

ဒီနေရာမှာ သတိထားရမှာက နာမည်ကြီးဝန်ဆောင်မှုတွေကိုယ်တိုင်က ငွေလိမ်နေတယ်ဆိုတာ မဟုတ်ဘဲ အဲဒီဝန်ဆောင်မှုတွေကို ယုံကြည်တဲ့ သုံးစွဲသူတွေကို လူလိမ်တွေက ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

၁။ QR ကုဒ်လေးတခုက ငွေလိမ်သူဆီ ခေါ်သွားနိုင်သလား

စားသောက်ဆိုင်မှာ ငွေရှင်းဖို့ QR ကုဒ်ဖတ်တယ်။ ကားပါကင်ကြေးပေးဖို့ ဖတ်တယ်။ ခရီးသွားနေရာတွေမှာ လက်မှတ်ဝယ်ဖို့ ဖတ်တယ်။ အခုလို QR ကုဒ်အသုံးပြုမှုများလာတဲ့အခါ ငွေလိမ်သူတွေလည်း နည်းလမ်းသစ်တွေ အသုံးပြုလာကြပါတယ်။

ဥပမာ၊ ကားပါကင်မှာရှိတဲ့ QR ကုဒ်အမှန်ပေါ်ကို အတုတခု ထပ်ကပ်ထားနိုင်ပါတယ်။ ခရီးသွားက စကင်ဖတ်လိုက်တဲ့အခါ တရားဝင်ငွေပေးချေရေးစာမျက်နှာအစား ဝက်ဘ်ဆိုက်အတုဆီ ရောက်သွားနိုင်ပါတယ်။ အဲဒီမှာ ဘဏ်ကတ်အချက်အလက်၊ စကားဝှက်နဲ့ တကြိမ်သုံးလုံခြုံရေးကုဒ်တွေ ထည့်မိရင် ငွေကြေးဆုံးရှုံးနိုင်ပါတယ်။

QR ကုဒ်ဖတ်လိုက်ရုံနဲ့ ငွေချက်ချင်းခိုးယူခံရတာမျိုးတော့ မဟုတ်ပါဘူး။ အဓိကအန္တရာယ်က နောက်ဆက်တွဲလုပ်ဆောင်မှုတွေမှာ ရှိပါတယ်။

ဒါကို ကာကွယ်ဖို့ အတွက် QR ကုဒ်ပေါ်မှာ စတစ်ကာထပ်ကပ်ထားသလား စစ်ဆေးပါ။ ပေါ်လာတဲ့ ဝက်ဘ်ဆိုက်လိပ်စာကို ကြည့်ပါ။ ငွေမလွှဲခင် လက်ခံသူအမည်နဲ့ ငွေပမာဏကို အတည်ပြုပါ။

၂။ ဟိုတယ်အခန်း ကြိုတင်မှာယူပြီးမှ ငွေလိမ်ခံရခြင်း

စဉ်းစားကြည့်ပါ။ သင်က Booking.com ဒါမှမဟုတ် Agoda ကနေ ဟိုတယ်အခန်းတခန်း ကြိုတင်မှာယူထားပါတယ်။ ရက်အနည်းငယ်အကြာမှာ စာတစောင် ရောက်လာပါတယ်။

“လူကြီးမင်း၏ အခန်းကြိုတင်မှာယူမှုကို အတည်ပြုရန် လိုအပ်နေပါသည်။ ၂ နာရီအတွင်း ငွေပေးချေမှုကို ပြန်လည်အတည်မပြုပါက အခန်းမှာယူမှု ပယ်ဖျက်ခံရပါမည်။”

စာထဲမှာ ဟိုတယ်အမည်မှန်တယ်။ တည်းခိုမဲ့ ရက်စွဲမှန်တယ်။ ကြိုတင်မှာယူမှုနံပါတ်တောင် ပါနေတယ်။ ဒါဆို ယုံရပြီလား။ မယုံသင့်သေးပါဘူး။

လိမ်လည်သူတွေဟာ တကယ့်ကြိုတင်မှာယူမှုအချက်အလက်တွေကို ရရှိထားပြီး အဲဒီအချက်အလက်တွေနဲ့ပဲ သုံးစွဲသူကို လှည့်စားနိုင်ပါတယ်။

တချို့အခြေအနေတွေမှာ တရားဝင်ကြိုတင်မှာယူမှုစနစ်အတွင်းက စာပေးပို့မှုဖြစ်နေရင်တောင် အန္တရာယ်ရှိနိုင်ပါတယ်။

ဒါကို ကာကွယ်ဖို့အတွက်တော့ စာထဲက လင့်ခ်ကို မနှိပ်ဘဲ မိမိကိုယ်တိုင် တရားဝင်အက်ပ်ကို ဖွင့်ပါ။ ကြိုတင်မှာယူမှုအခြေအနေကို စစ်ဆေးပါ။ ထပ်မံငွေပေးချေခိုင်းရင် ဟိုတယ်ကို သီးခြားဆက်သွယ်ပြီး အတည်ပြုပါ။

၃။ လေယာဉ်လက်မှတ် ဈေးချိုလွန်းရင် ဘာကြောင့် သတိထားသင့်သလဲ

ခရီးသွားရာသီမှာ လေယာဉ်လက်မှတ်ဈေးတွေ မြင့်တက်တတ်ပါတယ်။ ဒီအချိန်မှာ လူမှုကွန်ရက်ပေါ်က ကြော်ငြာတခုကို တွေ့လိုက်ရပါတယ်။ “လေယာဉ်လက်မှတ် ၅၀ ရာခိုင်နှုန်း လျှော့ဈေး။ ဒီနေ့နောက်ဆုံး!” အခွင့်အရေးကောင်းတခုလို ထင်ရနိုင်ပါတယ်။

ဒါပေမဲ့ လိမ်လည်သူတွေဟာ လေကြောင်းလိုင်းအမည်နဲ့ အမှတ်တံဆိပ်တွေကို အသုံးပြုပြီး ဝက်ဘ်ဆိုက်အတု၊ ခရီးသွားအေဂျင်စီအတုတွေ ဖန်တီးနိုင်ပါတယ်။

ငွေပေးချေပြီးတဲ့အခါ လက်မှတ်မရတာ၊ ကြိုတင်မှာယူမှုနံပါတ်အတု ရရှိတာ၊ လက်မှတ်အတည်ပြုဖို့ အပိုငွေထပ်တောင်းတာတွေ ဖြစ်နိုင်ပါတယ်။

ဒါကို ကာကွယ်ဖို့အတွက်တော့ လေကြောင်းလိုင်း ဒါမှမဟုတ် ယုံကြည်စိတ်ချရတဲ့ လက်မှတ်အရောင်းကိုယ်စားလှယ်ကနေ ဝယ်ပါ။ ငွေပေးချေပြီးတာနဲ့ လက်မှတ်ထုတ်ပေးပြီးပြီလို့ မယူဆပါနဲ့။ လေကြောင်းလိုင်းရဲ့ တရားဝင်စနစ်မှာ ကြိုတင်မှာယူမှုနံပါတ်နဲ့ အတည်ပြုစစ်ဆေးပါ။

 

၄။ ဖျော်ဖြေပွဲလက်မှတ်ဝယ်တာလား၊ မရှိတဲ့ထိုင်ခုံကို ဝယ်မိတာလား

 

ကိုယ်နှစ်သက်တဲ့ အဆိုတော်ရဲ့ ဖျော်ဖြေပွဲလက်မှတ်တွေ ရောင်းကုန်သွားပြီဆိုပါစို့။ အဲဒီအချိန်မှာ လူမှုကွန်ရက်ပေါ်က တယောက်က “VIP လက်မှတ်နှစ်စောင် ကျန်သေးတယ်။ မသွားဖြစ်တော့လို့ ပြန်ရောင်းတာပါ။” လို့ ပြောလာပါတယ်။ လက်မှတ်ပုံလည်း ပြတယ်။ QR ကုဒ်လည်း ပါတယ်။ ဈေးလည်း သက်သာတယ်။

ဒါပေမဲ့ အဲဒီ QR ကုဒ်က အတုဖြစ်နိုင်သလို တကယ့်လက်မှတ်တစောင်ကို လူအများကြီးဆီ ထပ်ခါထပ်ခါ ရောင်းထားတာလည်း ဖြစ်နိုင်ပါတယ်။ ဖျော်ဖြေပွဲဝင်ပေါက်ရောက်မှ လက်မှတ်အသုံးပြုပြီးသား ဖြစ်နေကြောင်း သိရတာမျိုးလည်း ကြုံနိုင်ပါတယ်။

ဒါကို ကာကွယ်ဖို့အတွက်တော့ Ticketmaster လို တရားဝင်လက်မှတ်ရောင်းချရေးစနစ် ဒါမှမဟုတ် ပွဲစီစဉ်သူ အသိအမှတ်ပြုထားတဲ့ လမ်းကြောင်းကနေသာ ဝယ်ယူပါ။ လက်မှတ်လွှဲပြောင်းမှုကို တရားဝင်စနစ်အတွင်း လုပ်ဆောင်နိုင်သလား စစ်ဆေးပါ။

၅။ ငွေပြန်အမ်းပေးမယ်ဆိုပြီး ထပ်လိမ်ခြင်း

ခရီးစဉ်ဖျက်သိမ်းခံရတဲ့အခါ၊ လေယာဉ်ခရီးစဉ်ပြောင်းလဲတဲ့အခါ လူအများစုက ငွေပြန်ရဖို့ စိတ်ပူတတ်ပါတယ်။ ဒီအခြေအနေကို ငွေလိမ်သူတွေက အခွင့်ကောင်းယူနိုင်ပါတယ်။ “လူကြီးမင်း၏ လက်မှတ်အတွက် ငွေပြန်အမ်းပေးရန် အတည်ပြုချက် လိုအပ်ပါသည်။” “ငွေပြန်ရရန် ဒီလင့်ခ်ကို နှိပ်ပြီး ဘဏ်အချက်အလက် ဖြည့်ပါ။” ဆိုတဲ့ စာတွေ ရောက်လာနိုင်ပါတယ်။

တချို့က ဖောက်သည်ဝန်ဆောင်မှုဝန်ထမ်းအဖြစ် အယောင်ဆောင်ပြီး ဖုန်းနဲ့ ဆက်သွယ်လာတတ်ပါတယ်။

ဒါကို ကာကွယ်ဖို့အတွက်တော့ ငွေပြန်အမ်းမှုကို မိမိလက်မှတ်ဝယ်ယူခဲ့တဲ့ တရားဝင်စနစ်ကနေသာ စစ်ဆေးပါ။ OTP၊ စကားဝှက်နဲ့ ဘဏ်အကောင့်ဝင်ခွင့်တွေကို မပေးပါနဲ့။ ငွေပြန်ရဖို့ဆိုပြီး မသိတဲ့အကောင့်ဆီ ငွေကြိုလွှဲခိုင်းတာကို သတိထားပါ။

ခရီးမထွက်ခင် မှတ်ထားသင့်တဲ့ လုံခြုံရေးစည်းမျဉ်း ၇ ချက်

၁။ လင့်ခ်မနှိပ်ခင် စစ်ပါ။ နာမည်ကြီးကုမ္ပဏီရဲ့ အမှတ်တံဆိပ်ပါနေတာနဲ့ မယုံပါနဲ့။

၂။ QR ကုဒ်မဖတ်ခင် ကြည့်ပါ။ အတုကပ်ထားခြင်း ရှိမရှိနဲ့ ဖတ်ပြီးပေါ်လာတဲ့ လိပ်စာကို စစ်ဆေးပါ။

၃။ ငွေမလွှဲခင် အတည်ပြုပါ။ လက်ခံသူအမည်၊ ငွေပမာဏနဲ့ ပေးချေမှုရည်ရွယ်ချက်ကို စစ်ဆေးပါ။

၄။ အချိန်နဲ့ ဖိအားပေးတာကို သတိထားပါ။ “အခုချက်ချင်းမပေးရင် ပယ်ဖျက်မယ်” ဆိုတာ သတိပေးလက္ခဏာ ဖြစ်နိုင်ပါတယ်။

၅။ OTP နဲ့ စကားဝှက်ကို မမျှဝေပါနဲ့။ ဖောက်သည်ဝန်ဆောင်မှုဝန်ထမ်းဆိုပြီး တောင်းလာရင်တောင် မပေးပါနဲ့။

၆။ ကြိုတင်မှာယူမှုကို သီးခြားစစ်ဆေးပါ။ ငွေပေးချေပြီးကြောင်း ပြေစာရရှိတာနဲ့ လက်မှတ်အတည်ပြုပြီးပြီလို့ မယူဆပါနဲ့။

၇။ သံသယရှိရင် ချက်ချင်းအရေးယူပါ။ ဘဏ်ကို ဆက်သွယ်ပါ။ လိုအပ်ရင် ကတ်ကို ပိတ်ပါ။ စကားဝှက်ပြောင်းပါ။ သက်သေတွေ သိမ်းဆည်းပြီး သက်ဆိုင်ရာဌာနကို တိုင်ကြားပါ။

ခရီးသွားရာသီအတွက် သတိပေးစကား

ခရီးတခုဆိုတာ နေရာအသစ်တွေကို သွားရောက်လည်ပတ်ရုံသာ မဟုတ်ပါဘူး။ မိသားစုနဲ့အတူ ဖန်တီးမဲ့ အမှတ်တရတွေ၊ ချစ်ခင်သူတွေနဲ့ ပြန်လည်ဆုံတွေ့မဲ့ အချိန်တွေ၊ ကိုယ်တိုင်ကြိုးစားစုဆောင်းထားတဲ့ ငွေကြေးနဲ့ အကောင်အထည်ဖော်မဲ့ အိပ်မက်လေးတွေလည်း ပါဝင်ပါတယ်။ အဲဒီအိပ်မက်တွေကို ငွေလိမ်သူတွေလက်ထဲ မဆုံးရှုံးစေချင်ပါဘူး။

ခရီးသွားဖို့ ပြင်ဆင်နေသူတိုင်း လေယာဉ်လက်မှတ်၊ ဟိုတယ်အခန်းနဲ့ ဖျော်ဖြေပွဲလက်မှတ်တွေကို စိတ်ချလုံခြုံစွာ ဝယ်ယူနိုင်ကြစေချင်ပါတယ်။

ခရီးစဉ်တခုမှာ လက်မှတ်ပျောက်ရင် ပြန်ဝယ်လို့ရနိုင်ပေမဲ့ ဆုံးရှုံးသွားတဲ့ ငွေကြေး၊ အချိန်နဲ့ ယုံကြည်မှုတွေကို ပြန်လည်ရရှိဖို့ မလွယ်ကူပါဘူး။

ဒါကြောင့် မနှိပ်ခင် စစ်ပါ။ မဖတ်ခင် ကြည့်ပါ။ မလွှဲခင် အတည်ပြုပါ။ 

ခရီးသွားရာသီမှာ မိမိနဲ့ မိသားစုဝင်တွေသာမက မိတ်ဆွေတွေကိုပါ ဒီအသိပညာလေး မျှဝေပေးကြပါစို့။

ပျော်ရွှင်စရာ ခရီးတိုင်းဟာ လုံခြုံစိတ်ချရတဲ့ ခရီးစဉ်တွေ ဖြစ်ပါစေ။

Aurora 

ကိုးကား—

Federal Trade Commission (FTC): QR Code Scams: consumer.ftc.gov

FBI Internet Crime Complaint Center: QR Code Fraud: ic3.gov

Booking.com: Online Safety and Security: booking.com

 Agoda: Help Center and Customer Safety: agoda.com

Ticketmaster: Ticket Fraud and Safe Ticket Buying: help.ticketmaster.com

Singapore Police Force: Scam Prevention Advisories: police.gov.sg

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013