
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ လွှတ်ပေးဖို့ အမေရိကန်က တောင်းဆိုတာဟာ တရားစီရင်ရေးကို သက်ရောက်မှုရှိလို့ စိတ်မသက်မသာ ဖြစ်ရတယ်လို့ ဝါရှင်တန်မြို့ရှိ စစ်တပ်လက်အောက်ခံ မြန်မာသံရုံးက ဩဂုတ်လ ၁၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ICRC ကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့တာကို အမေရိကန်က ကြိုဆိုခဲ့ပေမဲ့၊ လွှတ်ပေးဖို့ တောင်းဆိုတာကတော့ ဥပဒေနဲ့အညီသာ ဖြစ်နိုင်မယ်လို့ စစ်အာဏာရှင်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ၂၀၂၁ ကနေ အခုထိ အကျဉ်းသား ၁၂၆,၉၆၄ ယောက်ကို လွှတ်ပေးခဲ့သလို၊ သူတို့ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ တရားမျှတပြီး သူ့အစိုးရအဖွဲ့ဟာ ရွေးကောက်ခံဖြစ်လို့ အမေရိကန်အနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ မျှော်လင့်ကြောင်းလည်း လက်ရှိ စစ်အာဏာရှင်သံရုံးက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးကတည်းက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားပေါင်း ၃၂၀၀၀ နီးပါးကို ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်ထိ ၂၂,၀၀၀ ကျော် ဖမ်းဆီးခံထားရဆဲဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။











