
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အသစ်ဖွဲ့စည်းလိုက်တဲ့ Iron Gate အထူးလုပ်ငန်းအဖွဲ့ဟာ အခု အပြည့်အဝ လှုပ်ရှားဆောင်ရွက်နေပြီး “အီရန်နိုင်ငံထဲကို ဝင်လာတဲ့ ဒါမှမဟုတ် အီရန်နိုင်ငံထဲကနေ ထွက်သွားတဲ့ ပစ္စည်းပစ္စယ အလွန်နည်းသွားပြီ”လို့ နိုဝင်ဘာ ၈ ရက်မှာ ပြောပါတယ်။
သမိုင်းတလျှောက် အကြီးမားဆုံး ရေကြောင်းပိတ်ဆို့မှုနဲ့ ပေါင်းစပ်လိုက်တဲ့အခါ အီရန်နိုင်ငံထဲ ဝင်လာတဲ့ ဒါမှမဟုတ် အီရန်နိုင်ငံထဲကနေ ထွက်သွားတဲ့ ပစ္စည်းပစ္စယ အလွန်နည်းပါးသွားပြီလို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ထရမ့်ပ်က ရေးသားဖော်ပြခဲ့တာပါ။
အီရန်နိုင်ငံအနေနဲ့ ခေတ်မီလက်နက်တွေနဲ့ တခြားပစ္စည်းတွေကို ကုန်းလမ်းကနေ သယ်ယူပို့ဆောင်လို့ မရနိုင်စေဖို့ အမေရိကန်အစိုးရရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အထောက်အကူပြုမဲ့ အထူးလုပ်ငန်းအဖွဲ့တခု ဖွဲ့စည်းလိုက်တယ်လို့ အမေရိကန် အလယ်ပိုင်းစစ်တိုင်း ကွပ်ကဲရေးဌာနချုပ် (CENTCOM) က စနေနေ့မှာ လူမှုကွန်ရက် ကတဆင့် ကြေညာခဲ့ပါတယ်။
ဖလော်ရီဒါပြည်နယ်၊ တမ်ပါမြို့မှာ အခြေစိုက်ပြီး အရပ်သားနဲ့ စစ်ဘက်ဆိုင်ရာ ဝန်ထမ်းအယောက် ၂၀ လောက် ပါဝင်ဖွဲ့စည်းထားတဲ့ “Iron Gate” အထူးလုပ်ငန်းအဖွဲ့ဟာ အီရန်နိုင်ငံရဲ့ ကုန်းမြေနယ်စပ်တွေနဲ့ ကက်စပီယန် ပင်လယ်တလျှောက်မှာ ခေတ်မီလက်နက်စနစ်တွေ၊ အရပ်ဘက်နဲ့ စစ်ဘက် ၂ မျိုးလုံး သုံးနိုင်တဲ့ နည်းပညာတွေ၊ ပိတ်ဆို့အရေးယူခံထားရတဲ့ ပစ္စည်းတွေနဲ့ တရားမဝင် ဝင်ငွေလမ်းကြောင်းတွေ ရွေ့လျားမှုကို တားဆီးဖို့ တခြား အမေရိကန်အစိုးရ အေဂျင်စီတွေနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။
CENTCOM ရဲ့ တပ်မှူး ဘရက်ဒ်ကူးပါးက “ဒီအထူးလုပ်ငန်းအဖွဲ့ ဖွဲ့စည်းတာဟာ အီရန်နိုင်ငံအပေါ် အမေရိကန်ရဲ့ ရေကြောင်းပိတ်ဆို့မှုကို ပိုအားကောင်းစေပြီး၊ အီရန်အနေနဲ့ လက်နက်စက်ရုံတွေကို ပြန်တည်ဆောက်နိုင်ဖို့ စစ်ရေးဆိုင်ရာ အင်အားဖြည့်တင်းဖို့ ကြိုးပမ်းချက်တွေကို ပိုကန့်သတ်သွားနိုင်လိမ့်မယ်”လို့ ပြောပါတယ်။
အီရန် အစ္စလာမ္မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) ပြောရေးဆိုခွင့်ရှိသူ ဟိုစိန် မိုဟက်ဘီက အမေရိကန်ရဲ့ “Iron Gate” အထူးလုပ်ငန်း အဖွဲ့ကို အရေးမပါသလို သဘောထားပြောဆိုခဲ့တယ်လို့ အီရန်နိုင်ငံရဲ့ Fars သတင်းဌာနက ဖော်ပြပါတယ်။
သူက အမေရိကန်အနေနဲ့ ဒီနည်းလမ်းကို သုံးပြီး ပြင်းထန်တဲ့ စီးပွားရေးဖိအားတွေ ပေးခြင်းအားဖြင့် အီရန်နိုင်ငံရဲ့ စီးပွားရေး ပြိုလဲသွားအောင် ရည်ရွယ်ထားပေမဲ့ ရည်မှန်းချက်တွေ အောင်မြင်နိုင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။
Source: Reuters











