
အယ်လ်ဂျီးရီးယားနိုင်ငံ၊ ဘူးမားဒက်စ်ခရိုင်မှာ ဇူလိုင် ၃၁ ရက်က ခရီးသည်တင် ဘတ်စ်ကားတစီး တိမ်းမှောက်ခဲ့တာကြောင့် အနည်းဆုံး လူ ၂၅ ယောက် သေဆုံးပြီး ၄၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအေဂျင်စီက ပြောပါတယ်။
ဒီမတော်တဆမှုဟာ ဘတ်စ်ကားကို အရှိန်ပြင်းပြင်း မောင်းနှင်လာချိန် ဘရိတ်ပေါက်သွားတာ ကြောင့် အရှိန်မထိန်းနိုင်ဘဲ ဘယ်ဘက်ဘေးကို လဲမှောက်ကာ ကမ်းပါးစောင်းထဲ ထိုးကျသွားခဲ့တာ ဖြစ်ပြီး ခရီးသည်တွေနဲ့ သူတို့ရဲ့ အိတ်တွေ၊ အသုံးအဆောင်ပစ္စည်းတွေဟာ ပြတင်းပေါက်ကနေ အပြင်ကို လွင့်ထွက်ခဲ့ရတာလို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။
အယ်လ်ဂျီးရီးယား တီဗီက ထုတ်လွှင့်ခဲ့တဲ့ ရုပ်သံမှတ်တမ်းတွေမှာ မတော်တဆမှု ဖြစ်ပွား ခဲ့ပြီးနောက် နောက်ဆက်တွဲ မြင်ကွင်းတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို ဆေးရုံဆီ အလျင်အမြန် ပို့ဆောင်ပေးနေတာကို တွေ့ရပါတယ်။
ဒဏ်ရာရရှိသူတွေကို အနီးအနားရှိ ဆေးရုံတွေကို ပို့ဆောင်ပေးထားပြီး ဝန်ကြီးချုပ် ဆီဖီဂရီးယဘ် ဟာ ဒဏ်ရာရသူတချို့ကို တင်ပို့ကုသထားတဲ့ ဘူးမားဒက်စ် တက္ကသိုလ်ဆေးရုံကို သွားရောက် ကြည့်ရှုခဲ့တယ်လို့ အန်နဟာ ရုပ်သံက ဖော်ပြပါတယ်။
Source;Reuters










