
ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ မဲ့တိုင်မြို့နယ် ဆင်စခန်းမှာ အလုပ်လုပ်နေတဲ့ ရွှေ့ပြောင်းလုပ်သား ဆင်ဦးစီးတယောက်ကို ထိုင်းနယ်ခြားစောင့်တပ်ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး နှိပ်စက်ခဲ့လို့ အပြင်းအထန် ဒဏ်ရာရသွားတာနဲ့ ပတ်သက်ပြီး တရားမျှတမှုရရှိရေး ဇနီးဖြစ်သူနဲ့ ဆင်စခန်းက လုပ်သားတွေဟာ ဇူလိုင် ၂၀ ရက်က ချင်းမိုင်ခရိုင် အမှတ် ၅ တိုင်းဒေသ ရဲဌာနချုပ်ရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။
ဖမ်းဆီးနှိပ်စက်ခံရသူမှာ အသက် ၃၆ နှစ်ရွယ်ရှိ ကယောတိုင်းရင်းသား ကိုထွန်းအိ ဖြစ်ပြီး ဇူလိုင် ၁၄ ရက်က ထိုင်းတာဝန်ရှိသူတချို့ရဲ့ ဖမ်းဆီးခေါ်ဆောင်နှိပ်စက်မှုခံရကာ မဲ့တိုင် ဆေးရုံ အရေးပေါ်ခန်း (ICU) မှာ ကုသနေရကာ ခုထိ သတိမရသေးပါဘူး။
ဒါကြောင့် သူ့ရဲ့ ဇနီးဖြစ်သူ ဆုတ နဲ့ ဆွေမျိုးတွေ၊ ဆင်စခန်းက လုပ်သားတွေ စုစုပေါင်း အင်အား ၁၀၀ လောက်ဟာ ချင်းမိုင်ခရိုင် ပြည်သူ့ပါတီလွှတ်တော်အမတ် နိုင်းဆုမ်ခစ်ခတ္တိယရဲ့ ဦးဆောင်မှုနဲ့ မနေ့ မနက် ၁၀ နာရီက “ရွှေ့ပြောင်းလုပ်သားတွေကို အကြမ်းဖက်မှု ရပ်တန့်ပါ”၊ “လူသားချင်းတူတူ တရားမျှတဆောင်ရွက်ပါ”၊ “ထွန်းအိအတွက် တရားမျှတမှုပြန်ပေးပါ”၊ “ထွန်းအိ အိမ်ကို ပြန်ရောက်ဖို့ ကူညီပါ” အစရှိ ထိုင်းစာနဲ့ အင်္ဂလိပ်စာပါ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ရဲစခန်း ဌာနချုပ်မှာ အမှုကိစ္စတရားမျှတမှုရရှိရေး လျင်မြန်စွာ ဆောင်ရွက်ပေးရေး တောင်းဆိုစာ ပေးပို့ခဲ့ပါတယ်။
သူတို့တောင်းဆိုလွှာကို ချင်းမိုင်ခရိုင်ရဲတပ်ဖွဲ့ကိုယ်စား ခရိုင်ဒုရဲမှူးကြီး ယုဒ်ထနား ကဲန်ကျန်က လာရောက် လက်ခံရယူကာ အကျိုးအကြောင်းထပ်မံမေးမြန်းခဲ့ပါတယ်။
ထွန်းအိရဲ့ ဇနီးဆုတက “ထွန်းအိဟာ မိသားစုကို ဒိုင်ခံလုပ်ကျွေးနေသူ ဖြစ်တယ်။ သူ တခုခုဖြစ်သွားရင် သူတို့မိသားစု အားကိုးရာမရှိတော့ဘူး၊ အခုလည်း အလုပ်မလုပ်ရတော့ သူ့ရဲ့ ဆေးဖိုးဝါးခရော၊ မိသားစု စားဝတ်နေရေးပါ အခက်အခဲဖြစ်နေတယ်။ ထွန်းအိဟာ လူကောင်းတယောက် ဖြစ်တယ်။ ဘာကြောင့် ဒီလို လုပ်ရက်ကြသလဲဆိုတာ နားမလည်ဘူး” လို့ ငိုကြွေးပြီး တိုင်ကြားပါတယ်။
ရဲမှူးကြီးယုဒ်ထနားကတော့ တာဝန်ရှိသူအနေနဲ့ စုံစမ်းစစ်ဆေးရေးကို မှန်ကန်စွာ ဆောင်ရွက်ပေးနေတယ်၊ ကျူးလွန်သူတွေဟာ ရဲအရာရှိတွေ ဖြစ်တယ်ဆိုပေမဲ့ ဘက်လိုက်မှုမရှိဘဲ တရားဥပဒေအတိုင်း အရေးယူဆောင်ရွက်ပေးသွားမယ်လို့ ကတိပေး ပြောသွားပါတယ်။
ထွန်းအိဟာ ဇူလိုင် ၁၄ ရက်ညက ကစ်ချန့်ကျေးရွာ မဲ့တိုင်ကလေးထိန်းကျောင်းရှေ့မှာ ရဲယူနီဖောင်းဝတ်လူတစုရဲ့ စစ်ဆေးဖမ်းဆီးခံရတာ ဖြစ်ပါတယ်။
သူက အဖမ်းခံရကြောင်း အိမ်ကို ဖုန်းဆက်ပေမဲ့ ပြောလို့မဆုံးခင် ဖုန်းအဆက်အသွယ်ပြတ်သွားခဲ့ပြီး နောက်တနေ့မနက် ၄ နာရီလောက်မှာ ဆင်စခန်းနဲ့ ပန်မဲ့တိုင်ရွာကြား လမ်းဘေးက မြက်ပင်တွေကြားထဲ နှာခေါင်း၊ ပါးစပ်နဲ့ နားကနေ သွေးတွေယိုစီးနေတဲ့ ဒဏ်ရာနဲ့ လဲကျ သတိမေ့မြောနေတဲ့ သူ့ကို ရွာသားတွေက တွေ့ရှိပြီး ကယ်ဆယ်ရေးအဖွဲ့ကို အကြောင်းကြားခဲ့ရာမှာ ကယ်ဆယ်ရေးအဖွဲ့ကပဲ ဆေးရုံကို ပို့ပေးခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး သူ့အလုပ်ရှင် ထိုင်းသူဌေးက ရဲစခန်းကို တိုင်ကြားခဲ့သလို ထိုစဉ်က သူ့ကို ဘယ်အဖွဲ့က ဖမ်းသွားသလဲဆိုတာ မသိရတဲ့အတွက် သူ့အလုပ်ရှင် သူဌေးက ဒီအဖွဲ့ကို ဖမ်းမိက ဘတ် ၅၀,၀၀၀ ဆုချမယ်လို့ လူမှုကွန်ရက်ကနေ စီစီကင်မရာဗွီဒီယိုဖိုင်နဲ့အတူ ကြေညာခဲ့ပါသေးတယ်။
ဆင်စခန်းက တခြားရွှေ့ပြောင်းလုပ်သား ၂ ယောက်ကတော့ ထွန်းအိ အဖမ်းခံရတဲ့ နေရာမှာပဲ အဲဒီညက သူတို့လည်း စစ်ဆေးခံရတယ်၊ ယူနီဖောင်းဝတ် ၅ ယောက်ရှိတယ်၊ သက်သေ အထောက်အထား အစစ်ခံရတယ်၊ သူတို့က မပါလာဘူးပြောတော့ တယောက် ဘတ် ၁,၀၀၀ စီတောင်းတယ်၊ သူတို့မှာ အဲလောက်ပိုက်ဆံမရှိတော့ တယောက်ကို ဘတ် ၅၀၀ နဲ့ ဆစ်ပြီး ပြန်လွတ်လာတယ်၊ ငွေလက်ခံ ဖြတ်ပိုင်းလည်း မပေးဘူးလို့ ပြောပါတယ်။
ဒီကိစ္စက ထိုင်းသတင်းဌာနနဲ့ လူမှုကွန်ရက်မှာ ကျယ်ပြန့်သွားပြီး အထက်ကဖိအားပေးမှုတွေကြောင့် နယ်ခြားစောင့်တပ်က စုံစမ်းစစ်ဆေးကာ အဲဒီညက နယ်မြေထဲလှုပ်ရှားတဲ့ အဖွဲ့ဟာ အမှတ် ၃၃ နယ်ခြားစောင့်တပ်က တပ်ဖွဲ့ဝင်တွေ ဖြစ်ကြောင်း၊ ဘယ်သူတွေ ပါသလဲဆိုတာ အသေးစိတ် စစ်ဆေးနေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ဇူလိုင် ၂၁ ရက် နောက်ဆက်တွဲသတင်းတွေအရ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ၅ ယောက်ဟာ ခရိုင်ရဲတပ်ဖွဲ့မှာ တာဝန်ရှိသူတွေနဲ့ လာတွေ့ဆုံခဲ့တယ်။ အဲဒီညက ထွန်းအိမှာ သက်သေခံအထောက်အထား မရှိတဲ့အတွက် စစ်တပ်မှာ ဆက်လက်စစ်ဆေးဖို့ လူရော ဆိုင်ကယ်ပါ ကားနဲ့ တင်ဆောင်ခဲ့တယ်၊ လမ်းခုလပ်မှာ ထွန်းအိက ကားပေါ်ကခုန်ချသွားလို့ သူ့ဆိုင်ကယ်ပါ အဲဒီမှာ ပြန်ချပေးခဲ့တယ်လို့ ထွက်ဆိုပါတယ်။
ဒါပေမဲ့ အလုပ်ရှင်သူဌေးကတော့ ထွန်းအိဟာ ကားပေါ်က ခုန်ချရင် ခန္ဓာကိုယ်မှာ ပွန်းပဲ့ရာတွေ ခြေ လက် ကျိုးတာတွေ ရှိရမယ်၊ အခုက အဲဒီအရာတွေ မရှိဘူး၊ ခေါင်းမှာပဲ ဒဏ်ရာရတယ်။ သူက ခုန်ချတော့ တာဝန်ရှိသူတွေက ဘာကြောင့် ဆင်းမကြည့်တာလဲ၊ ဘာကြောင့် ဆေးရုံကို မပို့ပေးတာလဲလို့ မေးခွန်းထုတ်ပါတယ်။
ထွန်းအိဟာ သူတို့ဆင်စခန်းက ဆင်ဦးစီးတယောက် ဖြစ်ပြီး ခမ်းဆိုင် လို့ အမည်ပေးထားတဲ့ အသက် နှစ် ၆၀ ရှိ မျက်မမြင် ဆင်မကြီးကို ပြုစုစောင့်ရှောက်နေသူ ဖြစ်တယ်။ ထွန်းအိ ပြဿနာဖြစ်တော့ တခြားဆင်ထိန်းတယောက် ပြောင်းပြီးပြုစုစေတာ ဆင်မကြီးက လက်မခံဘူး၊ ဆင်မဟာ မျက်စိမမြင်ပေမဲ့ သူ့ကို နှစ်နဲ့ချီပြုစုလာတဲ့ ထွန်းအိရဲ့ အသံနဲ့ အနံ့ကို သိနေတယ်၊ ထွန်းအိ မရှိတဲ့နောက် တမှိုင်မှိုင်နဲ့ အစာလည်းမစား၊ ရေလည်းမသောက်လို့ ဓာတ်ဆားရည် သွင်းထားပေးရတယ်လို့ ဆင်စခန်းတာဝန်ရှိသူက သတင်းထောက်တွေကို ပြောသွားပါတယ်။
Source: ChiangMai News / CM108 News / Thairath News











