
တရုတ်အစိုးရရဲ့ ခွင့်ပြုချက်မရှိဘဲ တရုတ်နိုင်ငံပိုင် ဟွမ်ယန်ဒေါင်ကျွန်းရဲ့ လေပိုင်နက်ထဲကို တရားမဝင် ဝင်လာခဲ့တဲ့ ဖိလစ်ပိုင်ရဲ့ C-208 လေယာဉ်တစင်းကို တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တောင်ပိုင်းစစ်ဒေသ ကွပ်ကဲမှုဌာနချုပ်က စနေနေ့မှာ မောင်းထုတ်ခဲ့တယ်လို့ တရုတ်စစ်တပ် ပြောခွင့်ရတယောက်က အောက်တိုဘာ ၅ ရက်မှာ ပြောပါတယ်။
PLA တောင်ပိုင်းစစ်ဒေသ ကွပ်ကဲမှုဌာနချုပ် ပြောခွင့်ရ ကျိုင်ရှီချန်က ဖိလစ်ပိုင် လေယာဉ်ငယ်ကို ခြေရာခံစောင့်ကြည့်ဖို့ ရေတပ်နဲ့ လေတပ် အင်အားစုတွေကို စေလွှတ်ခဲ့ပြီး ဥပဒေ၊ စည်းမျဉ်းတွေနဲ့အညီ မောင်းထုတ်ဖို့ သတိပေးချက်တွေ ထုတ်ပြန်ခဲ့တယ်လို့လည်း ပြောပါတယ်။
ဟွမ်ယန်ဒေါင် ရေတိမ်သောင်ခုံဟာ တရုတ်နိုင်ငံရဲ့ ပိုင်နက်နယ်မြေဖြစ်ပြီး ဖိလစ်ပိုင်ဘက်က ခုလိုလုပ်ဆောင်ချက်တွေဟာ တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို အပြင်းအထန် ချိုးဖောက်ရာ ရောက်သလို ရေကြောင်းနဲ့ လေကြောင်းဆိုင်ရာ မလိုလားအပ်တဲ့ ဖြစ်ရပ်တွေ ဖြစ်နိုင်ခြေ မြင့်မားတယ်လို့ ကျိုင်က ပြောပါတယ်။
“အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ရန်စတဲ့ လုပ်ရပ်တွေကို ချက်ချင်းရပ်တန့်ဖို့ ဖိလစ်ပိုင်ဘက်ကို ကျနော်တို့ အပြင်းအထန် သတိပေးပါတယ်” လို့ ကျိုင်က ပြောပါတယ်။
နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ လုံခြုံရေးအပြင် ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းမှုကို အခိုင်အမာ ကာကွယ်စောင့်ရှောက်ဖို့ စစ်ဒေသကွပ်ကဲမှုဌာနချုပ် တပ်ဖွဲ့တွေက အချိန်မရွေး အမြင့်ဆုံးအဆင့် သတိရှိနေတယ်လို့လည်း သူက ဖြည့်စွက်ပြောပါတယ်။
Source: Reuters










