DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်သူ ၉ သန်းကျော် အခြေခံကျန်းမာရေးဝန်ဆောင်မှု အရေးပေါ် လိုအပ်နေ
ဝေဝေ
·
July 29, 2026
ကရင်နီက စစ်ရှောင်ပြည်သူများ။ (Photo : DVB)
ကရင်နီက စစ်ရှောင်ပြည်သူများ။ (Photo : DVB)
Donate to DVB

စစ်အာဏာရှင်သမ္မတက ပြည်သူအားလုံး လက်လှမ်းမီတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရရှိစေဖို့ အရည်အသွေးပြည့်ဝတဲ့ ကျန်းမာရေးဝန်ထမ်းတွေ တိုးမြှင့်မွေးထုတ်သွားမယ်လို့ ပြောဆိုနေပေမဲ့ မြန်မာနိုင်ငံမှာ လူပေါင်း ၉ ဒသမ ၃ သန်းက အခြေခံ ကျန်းမာရေးဝန်ဆောင်မှု အရေးပေါ် လိုအပ်နေပါတယ်။

စစ်အာဏာရှင်သမ္မတက မြို့ပြနဲ့ ကျေးလက်မကျန် ပြည်သူအားလုံး လက်လှမ်းမီတဲ့ ကျန်းမာရေး စောင့်ရှောက်မှု (Universal Health Coverage-UHC) ရရှိစေဖို့ အရည်အသွေးပြည့်ဝတဲ့ ကျန်းမာရေးဝန်ထမ်းတွေ တိုးမြှင့် မွေးထုတ်သွားမယ်လို့ ပြောဆိုနေပေမဲ့ ပြည်တွင်းပဋိပက္ခတွေ၊ ကျန်းမာရေးအဆောက်အအုံတွေ ဖျက်ဆီးခံရတာနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို တိုက်ခိုက်တာတွေကြောင့် ကျန်းမာရေးဝန်ဆောင်မှု လက်လှမ်းမီရေးက စိန်ခေါ်မှုတွေ ရှိနေဆဲဖြစ်ကြောင်း အချက်အလက်တွေက ထောက်ပြနေပါတယ်။

မြေပြင်မှာ ကျန်းမာရေးဝန်ဆောင်မှု ပေးနေသူတွေကတော့ UHC ဆိုတဲ့ ရည်မှန်းချက်နဲ့ လက်တွေ့အခြေအနေကြား ကွာဟမှုရှိနေတယ်လို့ ပြောပါတယ်။

ကရင်နီဒေသ မြေပြင် CDM ဆရာဝန်တယောက်က “အကြီးမားဆုံးကတော့ ကျနော်တို့ နယ်မြေစိုးမိုးမှု ကျဆင်းလာခြင်း ဆိုတဲ့ ဥစ္စာ အကြီးမားဆုံးအရာပဲ ဖြစ်လိမ့်မယ်။ ကျနော်တို့ နယ်မြေစိုးမိုးမှု မရှိလာတဲ့အခါမှာ ကျနော်တို့ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေအတွက် ဖြစ်သလို သယ်ရတဲ့ အခြေအနေမျိုးတွေ၊ ကွေ့ဝိုက်ပြီး သယ်ရတဲ့ အခြေအနေမျိုးတွေ ခက်ခဲသွားတယ်။ ဒါဟာ အကြီးမားဆုံး အတားအဆီးပဲ ဖြစ်တယ်ပေါ့နော်။ ကျနော်တို့ရဲ့ အရေးပေါ် ကျန်းမာရေး လိုအပ်ချက်ကို ဖြည့်ဖို့အတွက် ခက်တယ်ပေါ့နော်။ သူပြောတဲ့ Universal Health Coverage ဆိုတာကတော့ဗျာ ခွေးပါးစပ်က နတ်စကားထွက်ဆိုတဲ့ စကားလုံး ဖြစ်နေတာပါ။ လူထုတွေအပေါ်မှာ အသက်တွေ ဂရုစိုက်ပါ ဘာညာနဲ့ လေကွက်ပါ။ ဒီလိုစိတ်မျိုးရှိတဲ့ကောင်မျိုး မဟုတ်ပါဘူး။ ကျနော်တို့ကတော့ တတ်နိုင်သမျှ ကျနော်တို့ရဲ့ ပြည်နယ်အစိုးရ၊ ကျနော်တို့ရဲ့ ပြည်ထောင်စုအစိုးရတွေနဲ့ ကျနော်တို့ပြည်သူတွေရဲ့ ကျန်းမာရေးကို တတ်နိုင်တဲ့ အပိုင်းတွေကနေ ကျနော်တို့ ဆက်လုပ်နေမယ်။ အာဏာရှင်ကို ကျနော်တို့ ဆက်ပြီးတော့ တော်လှန်နေမယ်” လို့ ပြောပါတယ်။

WHO ရဲ့ ၂၀၂၆ ခုနှစ် Health Emergency Appeal အရ မြန်မာနိုင်ငံမှာ လူ ၉ ဒသမ ၃ သန်းက အခြေခံကျန်းမာရေးဝန်ဆောင်မှု အရေးပေါ်လိုအပ်နေပြီး ကျန်းမာရေးဝန်ဆောင်မှု ရယူဖို့အတွက် အဓိက အတားအဆီးတွေကတော့ ငွေကြေးမတတ်နိုင်တာ၊ အနီးအနားမှာ ဆေးရုံဆေးခန်း မရှိတာနဲ့ လိုအပ်တဲ့ ကုသမှုတွေ မရရှိနိုင်တာတွေကြောင့် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ကျန်းမာရေးဝန်ဆောင်မှု လက်လှမ်းမီရေးအပေါ် ပဋိပက္ခတွေရဲ့ သက်ရောက်မှုတွေကိုလည်း မြေပြင် ကူညီပေးနေသူတွေက ထောက်ပြပါတယ်။

ပုလဲမြို့က အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာတာဝန်ခံ မအိသူသူမောင်က “ပြောရရင်တော့ ပုလဲမြို့ပေါ်မှာတော့ ဆေးရုံက ဖွင့်နိုင်တဲ့ အခြေအနေတော့ မရှိဘူးပေါ့လေ။ မြေပြင်မှာ ပုလဲဆေးရုံကြီး ရှိတယ်။ ဒါပေမဲ့ ဆရာဝန်၊ ဆရာမ တယောက်မှ မရှိဘူးပေါ့နော်။ ဖွင့်နိုင်ခြင်းမရှိတာက အနည်းဆုံး ၂ နှစ်ကျော် ၃ နှစ်လောက် ရှိသွားပြီ။ အခု လတ်တလောကျတော့ နည်းနည်းတော့ ခက်ခဲတာပေါ့။ ကျမတို့ ဆေးရုံ ဆေးခန်း ရှိတယ်ဆိုရင်တောင်မှ ပုလဲရဲ့ အခြေအနေကို ပြောရမယ်ဆိုရင် အမြဲတမ်း ငြိမ်းချမ်းနေတာတော့ မဟုတ်ဘူးလေ။ စစ်ကြောင်းကလည်း မြောက်ဘက်အခြမ်းက ဝင်ခလုတ် ထွက်ခလုတ် ရှိတယ်ပေါ့နော်။ ပြီးတော့ နှစ်ရွာနားမှာ (--)ထိုင်စခန်း နှစ်ခုကလည်း ရှိနေတော့ကျတော့ အဲဒီကောင်တွေကလည်း အမြဲတမ်း အလှုပ်အရှားလေး ရှိနေတော့၊ တချို့ သူတို့လှုပ်နေတဲ့ အချိန်နဲ့ ကိုယ့် ဒီဘက်က ကျန်းမာရေး ဖြစ်တာနဲ့၊ ဆေးရုံက တောင်ဘက်ရှိတယ် ထားပါတော့ပေါ့နော်၊ မြောက်ဘက်ကလူတွေသည် လာဖို့ ခဲယဉ်းသွားတယ်။ အဲဒီလိုမျိုးတွေ အခက်အခဲတွေ ရှိတယ်ရှင့်” လို့ ပြောပါတယ်။

ဆွစ်ဇာလန်နိုင်ငံအခြေစိုက် လူသားမျိုးနွယ်လုံခြုံရေးဆိုင်ရာ သုတေသနအဖွဲ့ Insecurity Insight ရဲ့  အချက်အလက်တွေအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၆ ခုနှစ် ဧပြီ ၂၈ ရက်အထိ မြန်မာနိုင်ငံမှာ ကျန်းမာရေးကဏ္ဍအပေါ် တိုက်ခိုက်မှုနဲ့ အဟန့်အတားဖြစ်စဉ်ပေါင်း ၁,၉၂၅ ကြိမ်ကို မှတ်တမ်းတင်ထားပါတယ်။

ဒီဖြစ်စဉ်တွေအတွင်းမှာတင် ကျန်းမာရေးဝန်ထမ်း ၁၇၃ ယောက် သေဆုံးခဲ့ပြီး အယောက် ၉၃၀ ဖမ်းဆီးခံခဲ့ရကာ ကျန်းမာရေးအဆောက်အအုံ ထိခိုက်ပျက်စီးမှု အကြိမ် ၅၀၀ ကျော် ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013