
ထိုင်းမြောက်ပိုင်း ချင်းမိုင်ခရိုင် ချင်းဒေါင်းမြို့နယ် မြန်မာနယ်စပ်အနီး တောထဲမှာ ပိုင်ရှင်မဲ့ စိတ်ကြွဆေး ၂,၇၀၀,၀၀၀ သိမ်းဆည်းရမိတယ်လို့ မယ်ဆိုင်ပရက်စ်သတင်းမှာ ဖော်ပြပါတယ်။
နယ်မြေထဲမှာ မူးယစ်ဆေးအချီကြီး ဝင်ရောက်လာဖို့ရှိကြောင်း လျှို့ဝှက်သတင်းပေးပို့ချက်ရထား တာကြောင့် နားဝိုင်နယ်မြေရဲတပ်ဖွဲ့၊ ချိုင်းယားနုဖတ်စစ်ကြောင်း နဲ့ အမှတ် ၃၃၅ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ စက်တင်ဘာ ၁၅ ရက် မနက်စောစောက ချင်းဒေါင်းမြို့နယ် မိုင်းနအုပ်စုထဲမှာ ကင်းလှည့်စစ်ဆေးခဲ့ကြပါတယ်။
မနက် ၃ နာရီလောက်မှာ ဘန့်နမ့်ရု နဲ့ ရင်းလုံရွာကြား လမ်းဘေးတောအုပ်ထဲမှာ ကားဘီးရာတွေ တွေ့ရှိတယ်။ တာဝန်ရှိသူတွေက ကားဘီးရာနောက်လိုက်ကြည့်ရှုတာမှ တနေရာမှာ မသင်္ကာ ဖွယ်အိတ် ၁၀ လုံး တွေ့ရှိတယ်။ အဲဒီအချိန်ဟာ မှောင်မိုက်နေဆဲဖို့ နယ်မြေတဝိုက်ထိန်းချုပ်ထားပြီး မနက် ၆ နာရီလောက်မှ သွားရောက်စစ်ဆေးတာမှာ အဆိုပါအိတ်တွေထဲမှာ ၉၉၉ အမှတ်တံဆိပ် စိတ်ကြွဆေးပြား စုစုပေါင်း ၂,၇၀၀,၀၀၀ တွေ့ရှိတယ်။ မသင်္ကာဘွယ်လူတယောက်မှတော့ မတွေ့ရဘူး၊ အဆိုပါမူးယစ်ဆေးတွေကို လိုအပ်သလို အရေးယူဖို့ စုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ထံ အပ်နှံလိုက်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
စက်တင်ဘာ ၁၅ ရက်တစ်နေ့တည်းမှာပဲ ထိုင်းအနောက်ပိုင်း ပရကျုပ်ခီရီခန်ခရိုင်ထဲမှာ နယ်စပ် မယ်ဆိုင်မြို့နယ်က သယ်ဆောင်လာတဲ့ အိုက်စ်မူးယစ်ဆေး ၄၆၄ ကီလိုဂရမ်ကို ဖမ်းဆီး ရမိခဲ့ပါတယ်။
တာဝန်ရှိသူတွေက မသင်္ကာဘွယ် မှန်လုံကားတစီးကို စစ်ဆေးဖို့ တားဆီးခဲ့ပေမဲ့ ရပ်မပေးတာ ကြောင့် အနောက်ကလိုက်ဖမ်းတယ်၊ အဆိုပါကားက လမ်းမှားပြီး ပရကျုပ်ခီရိခန်မြို့ထဲဝင်သွားကာ ရပ်ကွက်ထဲက နေအိမ်အုတ်တံတိုင်းကို ဝင်တိုက်မိတာကြောင့် အဖမ်းခံလိုက်ရပါတယ်။
ကားထဲမှာ အိတ် ၁၀ လုံးအတွင်း ထည့်ထားတဲ့ ဘတ်သန်းပေါင်း ၄၀၀ ကျော်တန်ဖိုးရှိ အိုက်စ်မူးယစ်ဆေး ၄၆၄ ကီလိုဂရမ်ဖမ်းဆီးရမိခဲ့ပါတယ်။
ယာဉ်မောင်းမှာ အသက် ၂၃ နှစ်ရွယ် ထိုင်းလူငယ်တယောက်ဖြစ်ပြီး အဲဒီမူးယစ်ဆေးတွေကို မယ်ဆိုင်မှ ထိုင်းတောင်ပိုင်း ဆုန်ခလာခရိုင်ကို ပို့ပေးဖို့ သယ်ခ ဘတ် ၅၀၀,၀၀၀ နဲ့ သယ်ခဲ့ကြောင်း ဖွင့်ဟဝန်ခံပါတယ်။
ယခင်ကလည်း နှစ်ကြိမ် ကျူးလွန်ခဲ့ပြီး တကြိမ်လျှင် ဘတ် ၁၅၀,၀၀၀ သာရပေမဲ့ ဒီတခေါက်တော့ ပိုရတယ်။ မင်္ဂလာဆောင်ဖို့အတွက် ငွေလိုလို့ လုပ်ရကြောင်း ဝန်ခံသွားပါတယ်။
Source - Maesaipress / MGROnline











