
ထိုင်းနိုင်ငံမြောက်ပိုင်း ဖရဲ့ခရိုင် ဒဲန်ချိုင်းမြို့နယ်ထဲမှာ စက်တင်ဘာ ၇ ရက် ညသန်းခေါင်ကျော်က ခြင်းတောင်းအလွတ်တွေထဲ သိုဝှက်ပြီး တင်ဆောင်လာတဲ့ စိတ်ကြွဆေးပြား ၁၀ သန်း ဖမ်းဆီး ရမိတယ်လို့ မယ်ဆိုင်ပရက်စ် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
နယ်မြေထဲမှာ မူးယစ်ဆေးဝါးအချီကြီး ဝင်လာဖို့ရှိကြောင်း ကြိုတင်သတင်းရထားတာကြောင့် ဒဲန်ချိုင်းမြို့နယ် ဟွေ့ရိုက်နယ်မြေရဲစခန်းမှ ရဲမှူးကြီး ထတ်ထိပ် ချုတ်ဒေချိုချိုင်း ဦးဆောင်တဲ့ အဖွဲ့ဟာ ဟွေ့ရိုက်အုပ်စု နယ်မြေ ၄ ရှိ စစ်ဆေးရေးဂိတ်မှာ ယာဉ်အသွားအလာတွေ စောင့်ကြပ် စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
သန်းခေါင်ကျော် ၁၂ နာရီ ၄၅ မိနစ်မှာ ဝါးခြင်းတောင်းအလွတ်တွေ တင်ဆောင်လာတဲ့ ရာ့ချ်ဘူရီ နံပါတ်ပြားတပ် ဆယ်ဘီးကားကြီးတစီး ဝင်ရောက်လာပါတယ်။ ယာဉ်မောင်းမှာ နခွန်းရာ့ချ်ဆီမား မှတ်ပုံတင် ကိုင်ဆောင်သူ အသက် ၃၈ နှစ်ရွယ် ထိုင်းအမျိုးသား ဖြစ်ပါတယ်။
တာဝန်ရှိသူတွေက အဆိုပါ ခြင်းတောင်းတင်ကားကို အိတ်စ်ရေးစက်နဲ့ စစ်ဆေးကြည့်ရှုရာမှာ မသင်္ကာဘွယ်ရာပစ္စည်းတွေ တွေ့ရှိတာကြောင့် ခြင်းတွေကို အောက်ချပြီး အသေးစိတ် ထပ်မံရှာဖွေ စစ်ဆေးပါတယ်၊ အဲဒီခါမှာ ခြင်းတောင်းအောက်ခြေမှာ အပေါက်ဖောက်ပြီး သိုဝှက်ထားတဲ့ ရောင်စုံဆာလာအိတ်တွေ တွေ့ရှိခဲ့ပါတယ်။
ဆာလာအိတ်စုစုပေါင်း ၄၀ ရှိပြီး အထဲမှာ မက်သာဖက်တမင်းစိတ်ကြွဆေးပြား စုစုပေါင်း ၁၀ သန်းလောက်ကို သိမ်းဆည်းရမိတယ်။ ယာဉ်မောင်းဟာ အဲဒီမူးယစ်ဆေးတွေကို ဆုဖန်းပူးရီးခရိုင်ကို ပို့ဆောင်ပေးဖို့ ထိုင်းမြောက်ပိုင်း ဖယောဝ်းခရိုင်က သယ်ဆောင်လာတာဖြစ်တယ်။ သူ့အနေနဲ့ အခကြေးငွေယူပြီး သယ်ဆောင်ပေးသူ သက်သက်သာဖြစ်ကြောင်း၊ တစုံတယောက်က သူ့ကို LINE အပလီကေးရှင်းမှ ဆက်သွယ်လာပြီး သယ်ဆောင်ခ ဘတ် ၈,၀၀၀ ပေးမယ်ဆိုလို့ သယ်ခဲ့တာ ဖြစ်ကြောင်း ထွက်ဆိုထားပါတယ်။
တာဝန်ရှိသူတွေက သူ့ကိုဖမ်းဆီးကာ နောက်ထပ်အချက်အလက်တွေ စစ်ဆေးနေပြီး နောက်ကွယ် က ကွန်ရက်နဲ့ ကွင်းဆက်တွေကို ဖော်ထုတ်ဖမ်းဆီးနိုင်ရေး သူသွားလာခဲ့တဲ့ လမ်းကြောင်းတွေကိုပါ နောက်ကြောင်းပြန် စစ်ဆေးနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
Source - Maesaipress











