
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ် Certificate of Identity (CI) ထုတ်ပေးရေးစခန်းများ ဖွင့်လှစ်ရေးအတွက် ထိုင်းနဲ့ မြန်မာ အလုပ်သမားရုံးက နှစ်ဘက်တာဝန်ရှိသူတွေ ဆွေးနွေးခဲ့တယ်လို့ ထိုင်း အလုပ်သမား စီမံခန့်ခွဲရေး ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများစီမံခန့်ခွဲရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၆ ရက် ဒီမနက် ၁၀ နာရီခွဲက ဘန်ကောက် ထိုင်းအလုပ်သမားစီမံခန့်ခွဲရေးဦးစီးဌာန အထပ် ၁၄ ရှိ တရီထိပ်ခန်းမမှာ ကျင်းပခဲ့ပါတယ်။
အစည်းအဝေးမှာ ထိုင်းအလုပ်သမားစီမံခန့်ခွဲရေးဌာန ညွှန်ကြားရေးမှူးချုပ် နိုင်းဆမတ် ပထမခွန်း က ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး ဒုညွှန်ချုပ် နိုင်းဆိက်ကဆစ် ဆဝမ်ယာထိပတ် နဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။
မြန်မာဘက်ကလည်း စစ်အာဏာရှင်ရဲ့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ချုပ် ဦးကျော်ကျော်လွင်နဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက Video Conference နဲ့ အွန်လိုင်းကနေ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီအစည်းအဝေးမှာ ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက် မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်းတွေ ဖွင့်လှစ်ရေး၊ MOU U-turn စနစ် လုပ်ငန်းစဉ် ဆောင်ရွက်ရေးစခန်းဖွင့်လှစ်ရေးနဲ့ ယာယီ အချက်အလက်ကောက်ယူရေးစခန်း (Temporary Data Collection Centre: TDCC) ဖွင့်လှစ်ရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ဒါတွေနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို အဆိုပါသတင်းမှာ ဖော်ပြထားခြင်း မရှိပေမဲ့ အွန်လိုင်းပေါ်ပြန့်နေတဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာတော့ ထိုင်းနိုင်ငံ စမွတ်စခွန်း၊ စမွတ် ပရကန်၊ စူရတ်ဌာနီ၊ ချင်းမိုင်နဲ့ ချွန်းပူးရီး စတဲ့ ခရိုင် ၅ ခုမှာ CI လက်မှတ် ထုတ်ပေးရေးစခန်းတွေ ဖွင့်လှစ်ဖို့ရှိတယ်။
အဆိုပါလုပ်ငန်းတွေ ဆောင်ရွက်ပေးဖို့ မြန်မာပြည်က ဝန်ထမ်း ၃၁ ယောက် စီစဉ်နေပြီး ထိုင်းကို အောက်တိုဘာ ၈ ရက်နေ့မှာ ထွက်ခွာလာမယ်၊ လုပ်ငန်းတွေကိုတော့ အောက်တိုဘာ ၁၀ ရက်နေ့မှာ စတင်မယ်လို့ ရေးသားဖော်ပြထားပါတယ်။
Source - ထိုင်းအလုပ်သမားရှာဖွေခန့်ထားရေးဦးစီးဌာန










