
ထိုင်း-မြန်မာနယ်စပ်မှာ နေထိုင်တဲ့ ပြည်သူတွေ ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုရရှိနိုင်အောင် နှစ်ပေါင်းများစွာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အလုပ်တွေကို လုပ်ဆောင်ပေးခဲ့တဲ့ တာ့ခ်ခရိုင်၊ အုန်းဖန်ဆေးရုံအုပ်ကြီး ဒေါက်တာ ဝိုရဝစ်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဂုဏ်ပြုဆု ချီးမြှင့်လိုက်တဲ့အကြောင်း The Nation Thailand သတင်းမှာ မေ ၂၁ ရက်က ဖော်ပြပါတယ်။
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ပြုလုပ်တဲ့ ၇၉ ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးညီလာခံအတွင်း ၂၀၂၆ ခုနှစ်အတွက် ယူအေအီး ကျန်းမာရေးဖောင်ဒေးရှင်းဆုကို ရရှိခဲ့တာဖြစ်ပြီး အဲဒီညီလာခံဟာ ပြည်သူ့ကျန်းမာရေးကဏ္ဍမှာ ထူးထူးခြားခြား စွမ်းဆောင်နိုင်ခဲ့တဲ့ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေကို ဆုချီးမြှင့်တဲ့ပွဲလည်း ဖြစ်ပါတယ်။
ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဒေါက်တာ ဝိုရဝစ်ရဲ့ ထူးချွန်ပြောင်မြောက်တဲ့ စွမ်းဆောင်မှုတွေကြောင့် အဆိုပါဆုကို ချီးမြှင့်ဖို့ WHO အမှုဆောင်အဖွဲ့က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ဆုအနေနဲ့ ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဂုဏ်ပြုဆုတံဆိပ်နဲ့ အမေရိကန်ဒေါ်လာ ၄၀,၀၀၀ ရရှိခဲ့ပါတယ်။
ဒေါက်တာ ဝိုရဝစ်ဟာ ကျေးလက်ဒေသ၊ ထိခိုက်လွယ်တဲ့အုပ်စုတွေနဲ့ ရွှေ့ပြောင်းနေထိုင်ရသူတွေ အတွက် ကျန်းမာရေးဝန်ဆောင်မှုတွေ တိုးတက်ကောင်းမွန်လာအောင် လူသားချင်းစာနာမှုဆိုင်ရာ အလုပ်တွေကို လုပ်ဆောင်ခဲ့တာကြောင့် အခုလို ဆုချီးမြှင့်ရတာဖြစ်တယ်လို့ WHO က ပြောပါတယ်။
သူဟာ ထိုင်းနိုင်ငံအနောက်မြောက်ပိုင်း မြန်မာနယ်စပ်အနီးက အုန်းဖန်ဒေသတွင်းမှာရှိတဲ့ နိုင်ငံမဲ့သူတွေ အပါအဝင် ဒုက္ခသည်တွေအတွက် အခြေခံကျန်းမာရေးစောင့်ရှောက်မှုတွေ ပိုမိုရရှိအောင် သူ့ရဲ့သက်တမ်းတလျှောက်လုံး မြှုပ်နှံ လုပ်ကိုင်ခဲ့တဲ့ ဆရာဝန် ဖြစ်တယ်လို့လည်း ရည်ညွှန်းထားပါတယ်။
ဒါ့အပြင် သူ့ရဲ့ ကြိုးပမ်းမှုတွေကြောင့် ကျန်းမာရေးဆိုင်ရာ ထောက်ပံ့ကြေးတွေနဲ့ အထောက်အထားမဲ့ လူဦးရေတွေကို မှတ်ပုံတင်ပေးရေးဆိုင်ရာ အရေးကြီးတဲ့ အမျိုးသားအဆင့် ဆုံးဖြတ်ချက်တွေကို တွန်းအားပေးနိုင်ခဲ့တဲ့အပြင် နယ်စပ်နှစ်ဖက်စလုံးမှာ ကာကွယ်ဆေးထိုးနှံတာ၊ ငှက်ဖျား၊ တီဘီနဲ့ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းတွေအပြင် မိခင်နဲ့ကလေး ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ကျောက်ကပ်ဆေးတဲ့ ကုသမှုတွေအထိ ပါဝင်တဲ့ ရွေ့လျားကျန်းမာရေးဝန်ဆောင်မှုတွေကို ပိုမိုကျယ်ပြန့်အောင် လုပ်ဆောင်ပေးနိုင်ခဲ့တယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။
သူဟာ ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံလုံးက လူထုကျန်းမာရေးလုပ်သားတွေနဲ့ အရန်သားဖွားဆရာမတွေကို လူသားချင်းစာနာမှုဆိုင်ရာ စောင့်ရှောက်မှုပေးနိုင်ဖို့ အဓိကထားပြီး လေ့ကျင့်သင်တန်းပေးရာမှာလည်း အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့တယ်လို့ WHO က အလေးပေး ပြောကြားထားပါတယ်။
အရင်က ထွက်ရှိခဲ့တဲ့ သူ့ရဲ့အကြောင်းအရာ မှတ်တမ်းတခုအရ ဒေါက်တာ ဝိုရဝစ်ဟာ သူ့ရဲ့ဇာတိမြေဖြစ်တဲ့ ချာချင်ဆာဝ်ကနေ ထွက်ခွာလာခဲ့ပြီး ကျေးလက်ဆရာဝန်ငယ်လေးအဖြစ် အုန်းဖန်ဒေသကို တာဝန်ကျပြီးနောက်ပိုင်း အဲဒီမှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။
အဲဒီအချိန်တုန်းက ဆေးရုံဟာ တာ့ခ်မြို့ကနေ ၂၄၇ ကီလိုမီတာ ကွာဝေးပြီး ကွေ့ကောက်တဲ့ လမ်းအကွေ့ပေါင်း ထောင်နဲ့ချီရှိတဲ့ လမ်းမပေါ်မှာ တည်ရှိကာ သီးခြားဖြစ်နေတဲ့ နယ်စပ်လူထုတွေအတွက် စောင့်ရှောက်မှုပေးနေတဲ့ ခုတင် ၆၀ ဆံ့ ဆေးရုံငယ်လေးတခုသာ ဖြစ်ပါတယ်။
တောင်ပေါ်ဒေသတွေက လူနာတွေဆီ ရောက်ရှိဖို့အတွက် သူဟာ ခြေကျင်ခရီးတလှည့်၊ ဒေသခံတွေသုံးတဲ့ အင်ဂျင်တပ်လှည်းတလှည့်နဲ့ သွားလာခဲ့ရပြီး တခါတရံမှာဆိုရင် လေးဘီးယက်ကားကို ဆွဲထုတ်ဖို့ ဆင်ရဲ့ အကူအညီကိုတောင် ယူခဲ့ရဖူးတယ်လို့ ဆိုပါတယ်။
အဲဒီဆေးရုံဟာ ကျန်းမာရေးအာမခံမရှိတဲ့၊ ဆေးဖိုးမပေးနိုင်လောက်အောင် ဆင်းရဲလွန်းတဲ့ ထိုင်းနိုင်ငံသားမဟုတ်တဲ့ လူနာအမြောက်အမြားကိုလည်း ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ပါတယ်။
အဲဒီလို နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့တဲ့ မှတ်တမ်းကောင်းတွေကြောင့် အခု WHO ရဲ့ အသိအမှတ်ပြုမှုဟာ တဦးတည်းအတွက် ဂုဏ်ယူစရာတင်မကဘဲ တရားဝင်စနစ်တွေရဲ့ ကြားထဲမှာ ကျန်ရစ်နေလေ့ရှိတဲ့ နယ်စပ်ဒေသတွေမှာ ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှု ပေးရတာ ဘယ်လောက်ခက်ခဲလဲ ဆိုတာကို သတိပေးလိုက်တာလည်း ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ထိုင်းနိုင်ငံဆိုင်ရာ WHO အဖွဲ့ကလည်း ဒေါက်တာ ဝိုရဝစ်ကို ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့သလို နယ်စပ်ကျန်းမာရေး ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ မျှတတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရရှိစေဖို့ ထိုင်းနိုင်ငံရဲ့ ဆက်တိုက် ဦးဆောင်ကြိုးပမ်းမှုတွေကို ချီးကျူးခဲ့ပါတယ်။
ဒါ့အပြင် လူတိုင်းအကျုံးဝင်ပြီး လူနာကို ဗဟိုပြုတဲ့ ကျန်းမာရေးစနစ်တွေ တည်ဆောက်ဖို့နဲ့ ဘယ်သူမှ ကျန်ရစ်မနေစေဘဲ ကျန်းမာရေးဆိုင်ရာ မျှတမှုတွေ ရရှိစေဖို့အတွက် ထိုင်းနိုင်ငံ၊ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့အတူ နီးနီးကပ်ကပ် ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း ပြောလိုက်ပါတယ်။
ဒီဆုဟာ ကမ္ဘာ့ကျန်းမာရေးညီလာခံကနေ အခြေခံကျန်းမာရေးစောင့်ရှောက်မှုနဲ့ ကျန်းမာရေးမျှတမှု အပေါ် ကမ္ဘာလုံးဆိုင်ရာ အာရုံစိုက်နေချိန်မှာ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။
အခုနှစ် ဆုရရှိသူတွေဟာ အခြေခံကျန်းမာရေးစောင့်ရှောက်မှုကို တိုးချဲ့ဖို့၊ မညီမျှမှုတွေကို လျှော့ချဖို့နဲ့ သူတို့ရဲ့ စိတ်နှစ်မြှုပ်မှု၊ တီထွင်ဆန်းသစ်မှုတွေကတဆင့် လူထုအတွင်း လက်တွေ့ကျတဲ့ တိုးတက်မှုတွေ ဖြစ်လာအောင် လုပ်ဆောင်မယ်ဆိုတဲ့ ကတိကဝတ်တွေကို အတူတူမျှဝေထားကြတယ်လို့ WHO က ပြောပါတယ်။
ထိုင်းနိုင်ငံအတွက်တော့ ဒေါက်တာ ဝိုရဝစ်ရဲ့ အခုလို အသိအမှတ်ပြုခံရမှုဟာ ဝေးလံခေါင်ဖျားတဲ့ နယ်စပ်ဆေးရုံလေးတခုကို လူသားချင်းစာနာစိတ်ပေါ်မှာ အခြေခံထားတဲ့ ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှုရဲ့ ကမ္ဘာလုံးဆိုင်ရာ စံပြနမူနာတခု ဖြစ်လာစေခဲ့ပါတယ်။
ဒါဟာ ကျန်းမာရေးစနစ်တခုရဲ့ ကြံ့ခိုင်မှုကို မြို့ပြဗဟိုချက်မတွေမှာတင် မဟုတ်ဘဲ အန္တရာယ်အရှိဆုံးနဲ့ လျစ်လျူရှုခံရအလွယ်ဆုံးဖြစ်တဲ့ နယ်စပ်အစွန်အဖျား ဒေသတွေမှာပါ စစ်ဆေးနိုင်တယ် ဆိုတာကို ပြသလိုက်တာပဲ ဖြစ်တယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
Source: The Nation Thailand










