DVB Logo
Home
ဆောင်းပါး
ထိုင်းကို မျှော်တဲ့ ပြည်သာယာစီမံကိန်း
အာလမ္ဗရ
·
August 11, 2026
ထိုင်းကို မျှော်တဲ့ ပြည်သာယာစီမံကိန်း
Donate to DVB

စစ်အာဏာရှင် မင်းအောင်လှိုင်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်အတွင်း မြန်မာနဲ့ ထိုင်းအကြား လျှပ်စစ်နဲ့ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးကိစ္စကလည်း အဓိကဆွေးနွေးတဲ့ အကြောင်းအရာတွေထဲက တခုဖြစ်ပါတယ်။ ၂ နိုင်ငံ စွမ်းအင်ဝန်ကြီးတွေရဲ့ သီးသန့်တွေ့ဆုံမှုမှာ ရှိနှင့်ပြီးသား သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်ရေးတွေအပြင် အသစ်ထပ်မံတိုးချဲ့မဲ့ စီမံကိန်းတွေကိုပါ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

Media

၂၀၂၆ ခုနှစ် ဩဂုတ် ၆ ရက်က ဘန်ကောက်မြို့တွင် ပြုလုပ်သည့် စစ်အာဏာရှင်ခန့် မြန်မာလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်နှင့် ထိုင်း စွမ်းအင်ဝန်ကြီး အကနတ်ပရွမ်ဖန်တို့၏ ဆွေးနွေးပွဲ မှတ်တမ်းဓာတ်ပုံ။ (Photo: ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီးဌာန)

အဲဒီထဲ ကမ်းလွန်လုပ်ကွက်တခုဖြစ်တဲ့ Block A-6 မှာ ရင်းနှီးမြှုပ်နှံဖို့ မြန်မာဘက်က ထိုင်းကို ဖိတ်ခေါ်ခဲ့တာကိုလည်း ထိုင်းစွမ်းအင်ဝန်ကြီးဌာနဘက်က ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဓာတ်ပုံမှတ်တမ်းတွေအရ တွေ့ဆုံဆွေးနွေးပွဲမှာ လက်ရှိ Block A-6 ကို လုပ်ကိုင်ခွင့်ရရှိထားတဲ့ မိုက်ကယ်မိုးမြင့်လည်း ပါဝင်တာကို တွေ့ရပါတယ်။

စိန်ခေါ်မှုများတဲ့ ရေနက်ပိုင်းစီမံကိန်း

ပြည်သာယာစီမံကိန်းလို့ နာမည်ပေးထားတဲ့ Block A-6 ကမ်းလွန်လုပ်ကွက်ဟာ ဧရာဝတီတိုင်း၊ ငွေဆောင်ကမ်းခြေရဲ့ အနောက်ဘက် ကီလိုမီတာ ၃၀ ခန့်အကွာ ပင်လယ်ပြင်မှာ တည်ရှိပါတယ်။ တခြား မြန်မာနိုင်ငံက ကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်း အများစုဟာ ရေတိမ်ပိုင်းမှာ လုပ်ကိုင်နေကြပေမဲ့ Block A-6 ကတော့ ရေအနက် မီတာ ၂,၀၀၀ ကနေ ၂,၅၀၀ အထိရှိတဲ့ ရေနက်ပိုင်းကမ်းလွန်လုပ်ကွက် ဖြစ်ပါတယ်။ ဒါကြောင့် စီမံကိန်းဟာ နည်းပညာပိုင်းနဲ့ ရင်းနှီးမြှုပ်နှံမှုအပိုင်းမှာ စိန်ခေါ်မှုများတဲ့ စီမံကိန်းတခုလို့ ဆိုရမှာပါ။

အစောပိုင်းက အလားအလာအနည်းဆုံး လုပ်ကွက်အဖြစ် သတ်မှတ်ခဲ့ကြတဲ့ ဒီကမ်းလွန်လုပ်ကွက်ကို စင်ကာပူမှာ မှတ်ပုံတင်ထားတဲ့ MPRL E&P Pte Ltd  ကုမ္ပဏီက ၂၀၀၇ ခုနှစ်မှာ လုပ်ပိုင်ခွင့် ရရှိခဲ့ပါတယ်။ လေ့လာစမ်းသပ်မှုတွေ လုပ်ဆောင်ပြီးနောက်ပိုင်း ၂၀၁၂ ခုနှစ်မှာ ပထမဆုံး သဘာဝဓာတ်ငွေ့ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

အဲဒီနောက် ၂၀၁၃ ခုနှစ်မှာ Woodside နဲ့ ၂၀၁၅ ခုနှစ်မှာ Total တို့ အကျိုးတူ ပူးပေါင်းလုပ်ကိုင်လာကြပြီး ရင်းနှီးမြှုပ်နှံမှုအနေနဲ့ MPRL E&P က ၂၀  ရာခိုင်နှုန်း၊ Woodside နဲ့ Total တို့က ၄၀ ရာခိုင်နှုန်းစီ ပိုင်ဆိုင်ခဲ့ကြပါတယ်။ ၂၀၁၅ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်း ရေနက်ပိုင်း အစမ်းတွင်းနဲ့ အကဲဖြတ်တွင်း ၄ တွင်းကို တူးဖော်ခဲ့ရာမှာ ၄ တွင်းစလုံးကနေ သဘာဝဓာတ်ငွေ့တွေကို ထပ်မံတွေ့ရှိခဲ့ပါတယ်။

Media

ကမ်းလွန်လုပ်ကွက် Block A-6 နှင့် စမ်းသပ်တွင်း တည်နေရာများကို ပြသထားသည့် မြေပုံ။ (MPRL E&P)

ဒါပေမဲ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ နိုင်ငံတကာ အရေးယူပိတ်ဆို့မှုတွေကြောင့် Woodside နဲ့ Total တို့ စီမံကိန်းကနေ အသီးသီး နုတ်ထွက်ခဲ့ကြပါတယ်။

လက်ရှိမှာ MPRL E&P Pte Ltd. ရဲ့ ထိုင်းအခြေစိုက်လုပ်ငန်းခွဲဖြစ်တဲ့ MPRL A-6 Limited က ၁၀၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပါတယ်။ ကုမ္ပဏီရဲ့ အချက်အလက်တွေအရ ၂၀၂၆ ခုနှစ် မတ်လအထိ စီမံကိန်းမှာ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော် ရင်းနှီးမြှုပ်နှံထားတယ်လို့ သိရပါတယ်။

သဘာဝဓာတ်ငွေ့ ဘယ်လောက်ထွက်နိုင်မလဲ

ပြည်သာယာစီမံကိန်းကနေ ပြန်လည်ထုတ်ယူနိုင်မဲ့ သဘာဝဓာတ်ငွေ့ပမာဏကို ၂ ဒသမ ၄ ထရီလီယံကုဗပေ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ စီမံကိန်းရဲ့ ပထမအဆင့်မှာ တွင်း ၆ တွင်း တူးဖော်မှာဖြစ်ပြီး နောက်ပိုင်းမှာ နောက်ထပ် ၄ တွင်း တူးဖော်ဖို့ စီစဉ်ထားပါတယ်။

ကနဦးထုတ်လုပ်မှုနှုန်းအနေနဲ့ တရက်ကို သဘာဝဓာတ်ငွေ့ ကုဗပေ သန်း ၄၀၀ ထုတ်လုပ်ဖို့ စီစဉ်ထားပြီး ၁၃ နှစ်ကနေ ၁၇ နှစ်အထိ ထုတ်ယူနိုင်ဖို့ ရည်မှန်းထားပါတယ်။ ဒါ့အပြင် နောက်ပိုင်းမှာ ထုတ်လုပ်မှုကို တရက် ကုဗပေ သန်း ၅၅၀ အထိ တိုးမြှင့်နိုင်မယ်လို့ စီမံကိန်းအချက်အလက်မှာ ဖော်ပြထားပါတယ်။ လက်ရှိမှာတော့ စီမံကိန်းဟာ အင်ဂျင်နီယာပိုင်းဆိုင်ရာ ကနဦး ဒီဇိုင်းရေးဆွဲတဲ့အဆင့်ကို ရောက်ရှိနေပါပြီ။

ထွက်လာမဲ့ ဓာတ်ငွေ့ ဘယ်ကိုပို့မလဲ

ပြည်သာယာစီမံကိန်းကနေ ထွက်လာမဲ့ သဘာဝဓာတ်ငွေ့ကို ရတနာကမ်းလွန်လုပ်ကွက်မှာ ရှိပြီးသား ပိုက်လိုင်းတွေနဲ့ ချိတ်ဆက်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ရရှိလာမဲ့ သဘာဝဓာတ်ငွေ့ထဲက တစိတ်တပိုင်းကို မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) က ရရှိမှာဖြစ်ပြီး ကျန်ရှိတဲ့ ဓာတ်ငွေ့တွေကိုတော့ မုတ္တမဓာတ်ငွေ့သယ်ယူပို့ဆောင်ရေးကုမ္ပဏီ (MGTC) ရဲ့ ပိုက်လိုင်းကနေတဆင့် ထိုင်းနိုင်ငံကို ရောင်းချဖို့ စီစဉ်ထားပါတယ်။

ထိုင်းနိုင်ငံအတွက် ဘာကြောင့် အရေးကြီးတာလဲ

မြန်မာနိုင်ငံက ထိုင်းနိုင်ငံကို စွမ်းအင်ထောက်ပံ့လာတာ နှစ်ပေါင်း ၄၀ နီးပါးရှိပြီဖြစ်ပြီး ထိုင်းရဲ့ ဓာတ်ငွေ့လိုအပ်ချက် ၁၅ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိကို မြန်မာက ရယူနေရတာပါ။ ဒါပေမဲ့ ထိုင်းနိုင်ငံကို လက်ရှိ သဘာဝဓာတ်ငွေ့ ပို့လွှတ်နေတဲ့ ရတနာ၊ ရဲတံခွန်နဲ့ ဇောတိက ကမ်းလွန်လုပ်ကွက်တွေဟာ အချိန်ကြာမြင့်လာတာနဲ့အမျှ ထုတ်လုပ်မှုနှုန်း လျော့ကျလာနေပါတယ်။

ရတနာစီမံကိန်းရဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၈ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပြီး လက်ရှိမှာ ထုတ်လုပ်မှု တိုးမြှင့်ဖို့အတွက် PTTEP နဲ့ သဘောတူစာချုပ် လက်မှတ်ရေးထိုးထားပါတယ်။ ရဲတံခွန် ကမ်းလွန်လုပ်ကွက်ရဲ့ စာချုပ်သက်တမ်းက ၂၀၃၀ ပြည့်နှစ်မှာ ကုန်ဆုံးမှာဖြစ်ပြီး ဇောတိက စီမံကိန်းကတော့ ၂၀၄၄ ခုနှစ်မှာ အသီးသီးကုန်ဆုံးမှာ ဖြစ်ပါတယ်။

ဒီအခြေအနေတွေကြောင့် ပြည်သာယာစီမံကိန်းဟာ အနာဂတ်မှာ ထိုင်းနိုင်ငံအတွက် သဘာဝဓာတ်ငွေ့ အရင်းအမြစ်အသစ်တခု ဖြစ်လာနိုင်ပါတယ်။

မြန်မာ့ကမ်းလွန်လုပ်ကွက်တွေကို ချုပ်ကိုင်ထားတဲ့ ထိုင်းကုမ္ပဏီတွေ

လက်ရှိ နိုင်ငံတွင်းမှာ  ရဲတံခွန်၊ ရတနာ၊ ရွှေနဲ့ ဇောတိကဆိုတဲ့ ကမ်းလွန်စီမံကိန်း ၄ ခုရှိပါတယ်။ ရွှေကမ်းလွန်လုပ်ကွက်ကလွဲပြီး ကျန်တဲ့ ၃ ခုဟာ မုတ္တမကမ်းလွန်မှာ တည်ရှိပါတယ်။ အဲဒီစီမံကိန်းတွေကို ထိုင်းကုမ္ပဏီတွေဖြစ်တဲ့ PTTEP နဲ့ Northern Gulf Petroleum တို့က လုပ်ကိုင်ခွင့် ရရှိထားပါတယ်။ ဒါ့အပြင် ထုတ်လုပ်ဖို့ စီစဉ်နေတဲ့ မင်းရဲသူနဲ့ အောင်သိင်္ခ စီမံကိန်းတွေကိုလည်း အဆိုပါကုမ္ပဏီတွေက အသီးသီး လုပ်ကိုင်ခွင့် ရရှိထားပြန်ပါတယ်။

Media

မြန်မာနိုင်ငံတွင် ကမ်းလွန် ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းများ လုပ်ကိုင်နေသည့် ပုဂ္ဂလိက ကုမ္ပဏီများ။ (Photo: လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန/DVB)

ပြည်သာယာစီမံကိန်းမှာပါ ထိုင်းကုမ္ပဏီတွေက MPRL E&P နဲ့ ဖက်စပ်လုပ်ကိုင်မယ်ဆိုရင် ရခိုင်ကမ်းလွန်ဒေသမှာပါ သဘာဝဓာတ်ငွေ့ထုတ်ယူခွင့် ရှိလာမှာဖြစ်ပါတယ်။

ထိုင်းဘက်ကတော့ Block A-6 မှာ ရင်းနှီးမြှုပ်နှံရေးအပြင် နှစ်နိုင်ငံအကြား လျှပ်စစ်နဲ့ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးအတွက် နားလည်မှုစာချွန်လွှာအသစ်တရပ်ကိုလည်း မကြာခင် လက်မှတ်ရေးထိုးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ထိုင်းအစိုးရပြောခွင့်ရသူရ ချာဒါ သနာဒီရက် ကတော့ အခုလို ပူးပေါင်းဆောင်ရွက်မှုတွေဟာ လျှပ်စစ်ဓာတ်အားနဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်တွေကို ထိန်းချုပ်နိုင်ဖို့ အထောက်အကူပြုမှာ ဖြစ်သလို ထိုင်းနိုင်ငံအနေနဲ့ စွမ်းအင်အရင်းအမြစ်တခုတည်းအပေါ် မှီခိုနေရမှုကို လျှော့ချနိုင်ဖို့လည်း အထောက်အကူဖြစ်မယ်လို့ ပြောထားပါတယ်။

အာလမ္ဗရ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013