
မကွေးတိုင်း၊ ဆောမြို့နယ်မှာ သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုနဲ့ အလောင်းဖျောက်ဖျက်မှုတွေ ကျူးလွန်ခဲ့ကြောင့် သေဒဏ်ချမှတ်ခံထားရတဲ့ တရားခံ မင်းမင်းစိုးဟာ အချုပ်ကနေ ထွက်ပြေးလွတ်မြောက်နေတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအဖွဲ့တွေဆီကနေ သိရပါတယ်။
ယောအလင်းတန်းအဖွဲ့ရဲ့တာဝန်ရှိသူတဦးဖြစ်တဲ့ ကိုဇီးကွက်က “သေဒဏ်ကျတရားခံ မင်းမင်းစိုးကို ဆောမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) အချုပ်မှာ ချုပ်နှောင်ထားပြီးတော့ အခုလ ၆ ရက် နေ့လယ် ၂ နာရီလောက်မှာ အိမ်သာသွားချင်လို့ လိုက်ပို့တဲ့အချိန်မှာ ထွက်ပြေးသွားတာ” လို့ ပြောပါတယ်။
အသက် ၂၁ နှစ်အရွယ် သေဒဏ်ကျတရားခံ မင်းမင်းစိုး ဟာ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၁ ရက်မှာ ဆောမြို့ပေါ်က အသက် ၁၃ နှစ်အရွယ် ကျောင်းသူတယောက်ကို အဓမ္မပြုကျင့်မှုကာ သတ်ဖြတ်အလောင်းဖျောက်ဖျက်ခဲ့တာကြောင့် ဆောမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) က ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။
ဒီနောက် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆၊ ၃၀၂ နဲ့ ၂၀၁ တို့နဲ့ တရားစွဲဆိုခဲ့ကာ ၅ လကျော်ကြာ ကြားနာစစ်ဆေးပြီးနောက် ပြစ်မှုထင်ရှားတဲ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဆောမြို့နယ်တရားရုံး၊ တရားရေးအဖွဲ့က အခုနှစ် ဧပြီ ၂ ရက်မှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂(၁)(ဂ) အရ သေဒဏ်အမိန့်ချမှတ်ခဲ့ ပါတယ်။
အမိန့်ချမှတ်ပြီး ၂ လ ကျော်ကြာ ဇွန် ၆ ရက်က သူ့ကို တာဝန်ယူချုပ်နှောင်ထားတဲ့ ဆောမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) အချုပ်ထောင်ကနေ ထွက်ပြေး လွတ်မြောက်သွားတာ ဖြစ်ပါတယ်။
ဒီအမှုဖြစ်စဥ်နဲ့ပတ်သက်ပြီး ဆောမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) ဆီကို DVB ကဆက်သွယ်မေးမြန်းထားပေမဲ့ ဇွန် ၁၆ ရက် မနက်ပိုင်းအထိ ပြန်လည် ဖြေဆို တာမရှိသေးသလို သတင်းတစုံတရာထုတ်ပြန်လာတာလည်း မတွေ့ရသေးပါဘူး။
ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရအဖွဲ့ရဲ့အဖွဲ့ဝင်တယောက်က “အဲ့ဒိကိစ္စနဲ့ပတ်သက်ပြီး အွန်လိုင်းပေါ်မှာပျံ့နှံ့နေလို့ ကျနော်တို့တွေဘက်က မြေပြင်ကို စုံစမ်းကြည့်တဲ့အခါမှာလည်း မှန်ကန်နေတယ်ဆိုတာ သိရတယ်ပေါ့ဗျာ။ ဒါပေမဲ့လည်း သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေဘက်က တာဝန်ယူ သတင်းထုတ်ပြန်လာတာ မရှိသေးတော့ အတိအကျ ပြောဖို့တော့ ခက်ခဲနေတာပေါ့။ ဘယ်လိုဘဲဖြစ်ဖြစ် တာဝန်ရှိတဲ့အဖွဲ့တွေဘက်ကလည်း အဲဒီဖြစ်စဥ်နဲ့ပတ်သက်ပြီးထွက်နေတဲ့ သတင်းတွေအပေါ်မှာ ဟုတ်သည်ဖြစ်ဖြစ်၊ မဟုတ်သည်ဖြစ်စေ ပြန်လည်ဖြေရှင်းတဲ့ သတင်းထုတ်ပြန်တာမျိုးတော့ လုပ်သင့်တယ်လို့ မြင်ပါတယ်” လို့ DVB ကို ပြောပါတယ်။
အဆိုပါ ပြစ်မှုကျူးလွန်ခဲ့သူကို ပြည်သူတွေရှေ့မှာ ချက်ချင်းသေဒဏ်ပေးဖို့ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၆ ရက်မှာ ဆောမြို့ပေါ်ကဒေသခံတွေစုပေါင်းပြီး မြို့ပေါ်လှည့်လည် ဆန္ဒပြ တောင်းဆိုပါသေးတယ်။










