အမေရိကန်စစ်သားတွေ အပါအဝင် လူ ၁၃ ယောက်ကို ပစ်သတ်ခဲ့တဲ့ အမေရိကန်ကြည်းတပ် စိတ်ရောဂါကု ဆရာဝန်ဟောင်း နီဒယ်လ်မာလစ်ဟာဆန်ကို သေနတ်တပ်ဖွဲ့နဲ့ သေဒဏ်စီရင်မှု တိုက်ရိုက်ထုတ်လွှင့်မဲ့ အစီအစဉ်ကို သမ္မတ ဒေါ်နယ်ထရမ့်ပ်က အောက်တိုဘာ ၁၅ ရက်မှာ ရုပ်သိမ်းလိုက်ပါတယ်။
ဟာဆန်ဟာ ၂၀၀၉ ခုနှစ် နိုဝင်ဘာ ၅ ရက်က တက္ကဆက်ပြည်နယ်၊ ဖို့တ်ဟုဒ် စစ်အခြေစိုက်စခန်းမှာ လက်နက်မဲ့ အမေရိကန်စစ်သား ၁၂ ယောက်နဲ့ အရပ်သားတယောက်ကို ပစ်သတ်ခဲ့သူ ဖြစ်ပါတယ်။ ဒီပစ်ခတ်မှုကြောင့် နောက်ထပ် လူ ၃၂ ယောက်လည်း ဒဏ်ရာရခဲ့ပါတယ်။ ဟာဆန်ကို လာမဲ့ ဒီဇင်ဘာ ၃ ရက်မှာ သေနတ်တပ်ဖွဲ့နဲ့ သေဒဏ်စီရင်ဖို့ စီစဉ်ထားတာပါ။
အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဂ်ဆက်က ဒီသေဒဏ်စီရင်မှုကို အများပြည်သူ ကြည့်ရှုနိုင်အောင် တိုက်ရိုက်ထုတ်လွှင့်မယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီအစီအစဉ်ကို ကုလသမဂ္ဂ၊ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ အမေရိကန်နိုင်ငံရေးသမားတွေက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပါတယ်။
အစောပိုင်းမှာ ဒီအစီအစဉ်ကို ထောက်ခံခဲ့တဲ့ ထရမ့်ပ်က “ရည်ရွယ်ချက်ကောင်းတဲ့ လူအများအပြားက သူသေဆုံးတာကို မကြည့်ချင်ကြပါဘူး” လို့ အောက်တိုဘာ ၁၅ ရက်မှာ ပြောပါတယ်။
“သူ့ကို သတ်မှတ်ထားတဲ့အတိုင်း သေနတ်တပ်ဖွဲ့နဲ့ သေဒဏ်စီရင်မှာပါ။ ဒါပေမဲ့ ဒီဖြစ်စဉ်ကို တိုက်ရိုက်ထုတ်လွှင့်မှာ မဟုတ်ပါဘူး” လို့လည်း ထရမ့်ပ်က Truth Social လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကတော့ သေဒဏ်စီရင်မှုကို ကိုယ်တိုင်လာကြည့်ချင်ရင် ခွင့်ပြုမယ်လို့ ထရမ့်ပ်က ပြောပါတယ်။
ဒီသေဒဏ်စီရင်မှုကို သတ်မှတ်ထားတဲ့အတိုင်း ဆောင်ရွက်နိုင်ခဲ့ရင် နှစ်ပေါင်း ၆၀ ကျော်အတွင်း အမေရိကန်စစ်တပ်ရဲ့ ပထမဆုံး သေဒဏ်စီရင်မှု ဖြစ်လာမှာပါ။
Source: Reuters











