မိန့်ခွန်းစာသားပြကိရိယာ တယ်လီပရွမ်တာကို ကိုင်တွယ်ရတဲ့ အိမ်ဖြူတော်ဝန်ထမ်းဟောင်း တယောက်ဟာ သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ မိန့်ခွန်း ဘာပြောမယ်ဆိုတဲ့ အတွင်းသတင်းကို အသုံးချပြီး အလောင်းအစား လုပ်ခဲ့တဲ့အတွက် ဒေါ်လာ ၁၇၂,၀၀၀ ပေးဆောင်ခဲ့ရပါတယ်။
ဂါဘရီယယ်ပီရက်ဇ်ဟာ ၂၀၂၅ ဒီဇင်ဘာကနေ ၂၀၂၆ ဖေဖော်ဝါရီအထိ ထရမ့်ပ်ရဲ့ မိန့်ခွန်းတွေမှာ ဘာပြောမလဲ ဆိုတာကို Kalshi အဖြစ်အပျက် ခန့်မှန်း အလောင်းအစား ပလက်ဖောင်းမှာ အလောင်းအစားလုပ်ခဲ့တာပါ။
အမေရိကန် ကုန်စည်အနာဂတ်ရောင်းဝယ်ရေးကော်မရှင် CFTC က ပီရက်ဇ်ကို ရရှိထားတဲ့ အမြတ် အမေရိကန်ဒေါ်လာ ၁၀၇,၅၃၉ ပြန်အပ်ဖို့ အမိန့်ချထားပါတယ်။ ဒါ့အပြင် ဒဏ်ကြေး အမေရိကန်ဒေါ်လာ ၆၅,၀၀၀ ပေးဆောင်ရမှာဖြစ်ပြီး ၃ နှစ်ကြာ အရောင်းအဝယ်လုပ်ခွင့်လည်း ပိတ်ပင်ခံထားရပါတယ်။
CFTC က ပီရက်ဇ်ဟာ မိန့်ခွန်းအကြောင်း ကြိုသိထားတာကို မသင့်လျော်စွာ အသုံးပြုပြီး “ယုံကြည်မှုနဲ့ တာဝန်ကို ဖောက်ဖျက်ခဲ့တယ်” လို့ ပြောပါတယ်။ ဒါပေမဲ့ စုံစမ်းစစ်ဆေးမှုမှာ အပြည့်အဝ ပူးပေါင်းခဲ့တာကြောင့် ဒဏ်ကြေးပမာဏကို လျှော့ချပေးခဲ့တယ်လို့ ဆိုပါတယ်။
Kalshi ပလက်ဖောင်းမှာ မတ်လမှာ နိုင်ငံရေးသမားတွေ မိန့်ခွန်းထဲ ဘယ်စကားလုံးတွေ ပြောမလဲ ဆိုတဲ့ လောင်းကစားတွေမှာ ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှုတွေကို စတင်တွေ့ရှိခဲ့ပါတယ်။
အကောင့်အချက်အလက်တွေ စစ်ဆေးရာကနေ လောင်းကစားသူဟာ အိမ်ဖြူတော် တယ်လီပရွမ်တာကို ကိုင်တွယ်တဲ့ ဖက်ဒရယ်ဝန်ထမ်းတယောက် ဖြစ်တာ သိရှိခဲ့ပြီး အာဏာပိုင်တွေကို တိုင်ကြားခဲ့ပါတယ်။
အိမ်ဖြူတော်က ဒီအမှုအပေါ် မှတ်ချက်မပေးသေးပေမဲ့ ပီရက်ဇ်ဟာ ဇူလိုင်လကတည်းက လစာမဲ့ ခွင့်ပေးခံထားရပြီး ရာထူးကို ပြန်လာမှာမဟုတ်ဘူးလို့ အဲဒီအချိန်က ပြောရေးဆိုခွင့်ရှိသူက ပြောထားပါတယ်။
Source: Reuters











