လက်ဘနွန်မှာ အစ္စရေးက အကြီးအကျယ် ထိုးစစ်ဆင်နေတာနဲ့ ပတ်သက်ပြီး “မင်းရူးနေပြီ၊ မင်းထောင်မကျအောင် ငါကယ်ထားတာ” လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဇွန် ၁ ရက်မှာ ကြိမ်းမောင်းခဲ့တယ်လို့ Axios သတင်းဌာနက ဖော်ပြပါတယ်။
အဂတိလိုက်စားမှုနဲ့ တရားရင်ဆိုင်နေရတာကို ရည်ညွှန်းပြီး “ငါ့ကြောင့်သာမဟုတ်ရင် မင်း ထောင်ကျနေပြီ။ ငါ မင်းကို ကယ်ထားတာ၊ အခု မင်းကိုရော၊ အစ္စရေးကိုပါ လူတိုင်းက မုန်းနေကြပြီ” လို့ ထရမ့်ပ်က ပြောဆိုခဲ့ပါတယ်။
ဖုန်းပြောနေချိန်မှာ ထရမ့်ပ်က ဒေါသထွက်နေပြီး “မင်း ဘာတွေလုပ်နေတာလဲ” လို့ အော်ဟစ်ခဲ့တယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ဆိုပါတယ်။
လက်ဘနွန်က အစ္စရေးရဲ့ လုပ်ရပ်တွေကြောင့် အမေရိကန်နဲ့ ဆွေးနွေးမှုတွေ ရပ်ပစ်မယ်လို့ အီရန်က သတိပေးပြီးနောက်မှာ ထရမ့်ပ်က အခုလို ဖုန်းခေါ်ခဲ့တာပါ။
လက်ဘနွန်မြို့တော် ဘေရွတ်ကို ဗုံးကြဲမဲ့ အစီအစဉ်တွေဟာ အစ္စရေးကို ကမ္ဘာမှာ ပိုပြီး အထီးကျန်စေလိမ့်မယ်လို့ ထရမ့်ပ်က သတိပေးခဲ့ပါတယ်။
ဟစ်ဇ်ဘိုလာတပ်မှူး တယောက်တည်းအတွက် အဆောက်အအုံတွေ ဖြိုချတာနဲ့ အရပ်သား အများအပြား သေဆုံးစေတဲ့ အစ္စရေးရဲ့ လုပ်ရပ်တွေကိုလည်း သူက ကန့်ကွက်ခဲ့ပါတယ်။
ဒီဖုန်းခေါ်ဆိုမှုအပြီးမှာတော့ အစ္စရေးက ဘေရွတ်ကိုတိုက်ခိုက်မဲ့ အစီအစဉ်ကို ရပ်ဆိုင်းလိုက်တယ်လို့ အစ္စရေးတာဝန်ရှိသူတယောက်က ဆိုပါတယ်။
ဒါပေမဲ့ ဟစ်ဇ်ဘိုလာဘက်က မရပ်တန့်ရင် ဘေရွတ်ကို ဆက်လက်ပစ်မှတ်ထားမဲ့အကြောင်း ထရမ့်ပ်ကို ပြောခဲ့သလို လက်ဘနွန်တောင်ပိုင်းက စစ်ဆင်ရေးတွေကိုလည်း ဆက်လုပ်သွားမယ်လို့ နေတန်ယာဟုက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
Source: Reuters










