DVB Logo
Home
မြန်မာသတင်း
ပြည်တွင်းကြက်သွန်နီ လက်လီဈေး တပိဿာ ကျပ် ၇,၀၀၀ အထိ မြင့်တက်
DVB
·
July 31, 2026
Photo : DVB
Photo : DVB
Donate to DVB

အခြေခံစားကုန်တမျိုးဖြစ်တဲ့ ကြက်သွန်နီဈေးနှုန်းတွေ ဆက်တိုက်မြင့်တက်နေပြီး ရန်ကုန်မြို့ လက်လီဈေးကွက်မှာ တပိဿာကို ကျပ် ၇,၀၀၀ ဝန်းကျင်အထိ ရောင်းချနေတယ်လို့ ဈေးကွက် အတွင်းက သိရပါတယ်။

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်ရဲ့ လက်ကားဈေးစာရင်းအရ ဆိပ်ဖြူထွက် ကြက်သွန်နီဈေးဟာ ၂၀၂၅ ခုနှစ် ဇူလိုင်လကုန်ပိုင်းမှာ တပိဿာ အမြင့်ဆုံး ကျပ် ၁,၆၀၀ သာ ရှိခဲ့ပေမဲ့ လက်ရှိမှာ ကျပ် ၅,၇၀၀ အထိ မြင့်တက်လာခဲ့ပါတယ်။

လက်ကားဈေး မြင့်တက်လာမှုနဲ့အတူ ရန်ကုန် လက်လီဈေးကွက်မှာလည်း တပိဿာ ကျပ် ၆,၅၀၀ ကနေ ၇,၀၀၀ ဝန်းကျင်အထိ ရောင်းချနေပါတယ်။

ကုန်သည်တွေရဲ့ ပြောကြားချက်အရ ကြက်သွန်နီဈေးနှုန်း မြင့်တက်လာရတာဟာ ပြည်ပဝယ်လိုအား မြင့်တက်လာပြီး မြဝတီနယ်စပ်ကတဆင့် ထိုင်းနိုင်ငံကို တင်ပို့မှုများလာတာ၊ ပြည်တွင်းဈေးကွက် အတွင်း ဝင်ရောက်တဲ့ ကြက်သွန်နီပမာဏ လျော့နည်းလာတာတို့ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် သယ်ယူပို့ဆောင်ရေးစရိတ်နဲ့ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ် မြင့်မားလာတာကလည်း ဈေးနှုန်းမြင့်တက်ရတဲ့ အဓိကအကြောင်းရင်းတခု ဖြစ်တယ်လို့ ကုန်သည်တွေက ပြောပါတယ်။

ဇူလိုင် ၃၁ ရက် ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင် လက်ကားဈေးကွက်မှာတော့ ဆိပ်ဖြူထွက် ကြက်သွန်နီ တပိဿာကို ကျပ် ၄,၄၀၀ ကနေ ၅,၇၀၀ အထိ ပေါက်ဈေးရှိနေပြီး တခြားဒေသထွက် ကြက်သွန်နီတွေကလည်း အရည်အသွေးအလိုက် ကျပ် ၄,၅၀၀ ကနေ ၅,၇၀၀ အတွင်း အရောင်းအဝယ် ဖြစ်နေပါတယ်။

ကြက်သွန်နီဟာ နေ့စဉ်ဟင်းချက်ပြုတ်ရာမှာ မဖြစ်မနေ အသုံးပြုရတဲ့ အခြေခံစားကုန်တမျိုး ဖြစ်တာကြောင့် ဈေးနှုန်းမြင့်တက်လာမှုဟာ အိမ်ထောင်ရှင်မတွေနဲ့ စားသုံးသူတွေရဲ့ နေ့စဉ် စားသောက်စရိတ်အပေါ် တိုက်ရိုက်သက်ရောက်နေပါတယ်။

တခြားအခြေခံစားကုန်တွေလည်း ဈေးမြင့်တက်နေချိန်မှာ ကြက်သွန်နီဈေးပါ ထပ်မံမြင့်တက်လာ တာကြောင့် မိသားစုအသုံးစရိတ်ကို ပိုမိုချင့်ချိန်သုံးစွဲနေရတယ်လို့ ဈေးဝယ်သူတချို့က ပြောပါတယ်။

ကုန်သည်တွေကတော့ ပြည်ပဝယ်လိုအား ဆက်လက်ကောင်းမွန်နေပြီး ပြည်တွင်းဈေးကွက်အဝင် မတိုးလာသေးပါက ကြက်သွန်နီဈေးနှုန်းတွေ မြင့်မားတဲ့အခြေအနေမှာ ဆက်လက်ရှိနေနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013