
စစ်ပွဲအဆုံးသတ်ရေး သဘောတူညီချက်ရရှိဖို့ နီးစပ်လာပြီလို့ သတင်းတွေထွက်လာခဲ့အပြီးမှာ အမေရိကန်အဆိုပြုချက်ကို စဉ်းစားသုံးသပ်နေဆဲဖြစ်တယ်လို့ အီရန်ဘက်က ထုတ်ပြန်ပါတယ်။
အမေရိကန်သတင်းဌာန Axios ရဲ့ ဖော်ပြချက်အရ အိမ်ဖြူတော်ကတော့ အီရန်နဲ့ ၁၄ ချက်ပါ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးဖို့ နီးစပ်နေပြီလို့ ယုံကြည်နေပါတယ်။
ဒါပေမဲ့ အဲဒီအဆိုပြုချက်မှာ အီရန်ရဲ့ နျူကလီးယားအစီအစဉ် ဖျက်သိမ်းရေးနဲ့ ဟော်မုဇ်ရေ လက်ကြား ပြန်ဖွင့်ရေးလို အဓိကအချက်တွေ မပြေလည်သေးဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြ ထားပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကတော့ ပြီးခဲ့တဲ့ ၂၄ နာရီမှာ ဆွေးနွေးမှုတွေ အခြေအနေ ကောင်းခဲ့ပြီး သဘောတူညီချက်ရဖို့ ဖြစ်နိုင်တယ်လို့ မေ ၆ ရက်မှာ ပြောပါတယ်။
အီရန်လွှတ်တော်အမတ် အီဘရာဟင် ရီဇိုင်းကတော့ ဒါဟာ လက်တွေ့မကျတဲ့ အမေရိကန်ရဲ့ ဆန္ဒပြည့်ဝရေးစာရင်းသက်သက်သာဖြစ်တယ်လို့ ဝေဖန်ပါတယ်။
ဆော်ဒီအာရေဗျက သူတို့ရဲ့ စစ်စခန်းနဲ့ လေပိုင်နက်အသုံးပြုခွင့်ကို ပိတ်ပင်ခဲ့တဲ့အတွက် ထရမ့်ပ်ဟာ ရေလက်ကြား ပြန်ဖွင့်မဲ့ စစ်ဆင်ရေးကို မေ ၅ ရက်မှာ ရပ်ဆိုင်းခဲ့တာလို့ သတင်းတွေမှာ ဖော်ပြ ပါတယ်။
သံတမန်ရေးလမ်းစပေါ်လာတာကြောင့် ကမ္ဘာ့ရေနံဈေးကွက်မှာ ရေနံစိမ်းဈေးနှုန်း ၁၁ ရာခိုင်နှုန်း လောက် ကျဆင်းသွားခဲ့ပါတယ်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုကလည်း အီရန်ဆီက ယူရေနီယံတွေအားလုံး ဖယ်ရှား ပစ်ဖို့ ထရမ့်ပ်နဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
Source:Reuters











