
အာဖရိကနိုင်ငံတွေဖြစ်တဲ့ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံနဲ့ ယူဂန်ဒါနိုင်ငံတွေမှာ အီဘိုလာဗိုင်းရပ်စ် ကူးစက်မှုတွေ ပိုများလာနေတာကြောင့် အဲဒီနိုင်ငံတွေကနေ ရောက်လာမဲ့ ခရီးသွားအားလုံးကို ထိုင်းနိုင်ငံထဲ ရောက်တာနဲ့ ၂၁ ရက်ကြာ မဖြစ်မနေ ကွာရန်းတင်း ဝင်ရမယ်လို့ ထိုင်းအစိုးရက အရေးပေါ်အမိန့် ထုတ်ပြန်လိုက်ပါတယ်။
ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနဟာ မေ ၂၆ ရက်မှာ ကျင်းပခဲ့တဲ့ အမျိုးသားကူးစက် ရောဂါကော်မတီ အစည်းအဝေးအပြီးမှာ အခုလို တင်းကျပ်တဲ့ အစီအစဉ်တွေကို ကြေညာခဲ့တာပါ။
ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ ဆွမ်ရွတ် ချောင်းဆမန်က အရင်က သုံးခဲ့တဲ့ မိမိ ကိုယ်ကိုယ် စောင့်ကြည့်ရမယ့်စနစ်ဟာ လက်တွေ့မှာ လိုက်နာဖို့ ခက်ခဲတာကို တွေ့ရှိရလို့ အခုလို ဆုံးဖြတ်ချက်ကို ပြောင်းလဲချမှတ်ခဲ့တာဖြစ်ကြောင်း ပြောပါတယ်။
အရင်စနစ်ဟောင်းတုန်းကတော့ အဲဒီနိုင်ငံနှစ်ခုကလာတဲ့ ခရီးသွားတွေအနေနဲ့ သူတို့ ဘယ်နေရာမှာ ရှိနေတယ်ဆိုတာကို သတင်းပို့ဖို့နဲ့ မိမိတို့ရဲ့ ရောဂါလက္ခဏာတွေကို ၂၁ ရက်ကြာ ကိုယ့်ဘာသာ စောင့်ကြည့်ဖို့ပဲ လိုအပ်ခဲ့တာပါ။
ဒါပေမဲ့ တချို့ခရီးသွားတွေဟာ ထိုင်းနိုင်ငံကို ရောက်လာပြီးနောက် ဟိုတယ်တွေကို ခဏခဏ ပြောင်းရွှေ့ခဲ့ကြလို့ သူတို့နောက်ကို လိုက်လံခြေရာခံဖို့ ခက်ခဲတာကို ထိုင်းအာဏာပိုင်တွေက တွေ့ရှိခဲ့ရသလို ဟိုတယ်တွေကလည်း ရောဂါကူးစက်မှု အန္တရာယ်ရှိတဲ့ ဒေသကလာတဲ့ ဧည့်သည်တွေကို လက်မခံဘဲ ငြင်းဆန်တာတွေ စလုပ်လာခဲ့ကြတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံကိုတော့ ကွန်ဂိုနဲ့ ယူဂန်ဒါနိုင်ငံတွေကနေ တိုက်ရိုက်ပျံသန်းတဲ့ လေကြောင်းလိုင်းတွေ မရှိပေမဲ့ တခြားနိုင်ငံတွေကတဆင့် လေယာဉ်ပြောင်းစီးပြီး နေ့စဉ် ပျမ်းမျှ ခရီးသွား ၅ ယောက်ကနေ ၇ ယောက်လောက် ဝင်ရောက်နေတာရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အဲဒီအရေအတွက်ဟာ မကြာသေးခင် ရက်ပိုင်းအတွင်းမှာ ပိုများလာခဲ့ပြီး တရက်တည်းမှာတင် ခရီးသွား ၁၉ ယောက်အထိ စံချိန်တင် ရောက်ရှိခဲ့တာမျိုးလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်အထိတော့ အဲဒီနိုင်ငံနှစ်ခုက ခရီးသွားစုစုပေါင်း ၁၀၀ လောက် ထိုင်းနိုင်ငံထဲကို ဝင်ရောက်ခဲ့ပြီးဖြစ်ကာ ရှေ့လျှောက်မှာလည်း ပိုများလာဖို့ ရှိနေတယ်လို့ ဆိုပါတယ်။
အခုအမိန့်အသစ်အရတော့ အဲဒီနိုင်ငံနှစ်ခုကနေ အသစ်ရောက်လာသူအားလုံးဟာ ရောဂါလက္ခဏာ ပြသည်ဖြစ်စေ၊ မပြသည်ဖြစ်စေ လေဆိပ်ကို ဆင်းသက်တာနဲ့ တပြိုင်နက် အစိုးရရဲ့ ကွာရန်းတင်းစင်တာကို ချက်ချင်းသွားရမှာ ဖြစ်သလို ဘမ်ရတ်နာရာဒူရာ အင်စတီကျုကို အဓိက ကွာရန်းတင်းဝင်ရမဲ့နေရာအဖြစ် သတ်မှတ်ထားပြီး ရောဂါထိန်းချုပ်ရေးဦးစီးဌာန ဝန်ထမ်းတွေက ကွာရန်းတင်းဝင်နေသူတွေကို နေ့တိုင်း စောင့်ကြည့်စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။
ကွာရန်းတင်းဝင်တဲ့အတွက် ကုန်ကျစရိတ်တွေကိုတော့ ပထမ ၇၂ နာရီ ဒါမှမဟုတ် ၃ ရက်အထိပဲ အစိုးရက ကျခံပေးမှာဖြစ်ပြီး အဲဒီသတ်မှတ်ချိန် ကျော်သွားရင်တော့ ခရီးသွားတွေက မိမိတို့ဘာသာ ကုန်ကျစရိတ် စိုက်ထုတ်ရမှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံသားတွေအတွက်ကတော့ ကုန်ကျစရိတ် အားလုံး ကင်းလွတ်ခွင့်ရမှာပါ။
ဒါ့အပြင် ကွန်ဂို၊ ဒါမှမဟုတ် ယူဂန်ဒါနိုင်ငံကနေ ခရီးစဉ် စတင်လာသူတွေသာ အခု ကွာရန်းတင်း စနစ်ထဲမှာ အကျုံးဝင်မှာဖြစ်ပြီး တခြားနိုင်ငံကနေ အဲဒီလေယာဉ်ပေါ်ကို တွဲစီးလာတဲ့ ခရီးသည်တွေအပေါ်မှာတော့ သက်ရောက်မှုမရှိပါဘူး။
ဒေါက်တာဆွမ်ရွတ်က လက်ရှိမှာ ခရီးသွားလာခွင့် လုံးဝပိတ်ပင်ဖို့ အစီအစဉ်မရှိသေးပေမဲ့ အဲဒီနိုင်ငံနှစ်ခုရဲ့ အခြေအနေပေါ်မူတည်ပြီး အစီအမံတွေကို ပုံမှန်ပြန်လည်သုံးသပ်သွားမယ်လို့ ပြောပါတယ်။
ဒါ့အပြင် အခု ထိုင်းနိုင်ငံရဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ လမ်းညွှန်ချက်တွေထက်တောင် ပိုပြီး တင်းကျပ်စွာ လုပ်ဆောင်နေတာဖြစ်ကြောင်းလည်း သူက ဆိုပါတယ်။
Source: Khaosod










