
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အေးမြသာယာရပ်ကွက်၊ နယ်မြေ ၁၄ မှာ မီးလောင်မှုဖြစ်ပွားပြီး အဆောက်အအုံ ၂ ခု မီးလောင်ဆုံးရှုံးခဲ့တယ်လို့ မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။
အေးမြသာယာရပ်ကွက်၊ နယ်မြေ ၁၄ မှာရှိတဲ့ အဟောင်းပစ္စည်းတွေ ရောင်းချတဲ့ဆိုင်တခုကနေ မတ် ၂၄ ရက် မနက် အစောပိုင်း ၁ နာရီလောက်က မီးအားမြှင့်စက် (အင်ဗာတာ) အပူလွန်ကဲရာကနေ မီးလောင်ခဲ့တာ ဖြစ်ပါတယ်။
ဒေသခံတယောက်က ''ပစ်တိုင်းထောင် အဟောင်းပစ္စည်းအရောင်းဆိုင်မှာ တပ်ဆင်ထားတဲ့ မီးအားမြှင့်စက်(အင်ဗာတာ) အပူလွန်ကဲမှုကြောင့် မီးလောင်မှုဖြစ်တာလို့ သိရပါတယ်။ ညစောင့် အလုပ်လုပ်တဲ့သူက မီးသုံးရာကနေ မီးလောင်မှုဖြစ်တာ။ အနီးရှိ ထရံအကာတွေကို မီးကူးစက် လောင်ကျွမ်းခဲ့တာ။ မီးလောင်အားကောင်းတော့ နေအိမ်နဲ့ ဆိုင်ပါ ၂ ခုလုံး မီးလောင်ဆုံးရှုံးသွားတာ''လို့ ပြောပါတယ်။
မီးလောင်မှုကို မီးသတ်ယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၃ စီးနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ လူမှုကူညီရေးအဖွဲ့တွေ ရပ်ကွက်နေပြည်သူတွေ ပူးပေါင်းကာ မီးငြှိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။
မီးလောင်မှုနဲ့ ပတ်သက်လို့ အဟောင်းပစ္စည်းအရောင်း ဆိုင်ညစောင့် ဦးဇေမင်းကို မြစ်ကြီးနားမြို့နယ်၊ နယ်မြေရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၂၈၅ နဲ့ အမှုဖွင့်အရေးယူထားပါတယ်။











