
မန္တလေးက လုပ်ငန်းရှင်တယောက်နဲ့ အာဏာသိမ်းစစ်တပ်က အရာရှိတို့ပေါင်းပြီး အရပ်သား ကုန်တင်ကားတွေကို မြစ်ကြီးနားမြို့အထိ ချောဆွဲသွားတယ်လို့ ပါသွားတဲ့သူတွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဘိလပ်မြေတွေကို မြစ်ကြီးနားအထိ ပို့ဆောင်ရမယ်ဆိုပြီး လုပ်ငန်းရှင်တဦးက ခေါ်ယူတာကြောင့် ကုန်တင်ယာဉ်မောင်းတွေဟာ ယာဉ်တွေနဲ့အတူ မန္တလေးကနေ လိုက်ပါသွားပေမဲ့ တကယ်တမ်းမှာတော့ စစ်တပ်ရဲ့ ဒရုန်းတင်တဲ့ကားတွေ၊ ပွိုင့် 5 ကားတွေနဲ့အတူ အောက်တိုဘာ ၉ ရက်စလို့ မတ္တရာမြို့နယ်ကနေ တက်သွားရတယ်လို့ သိရပါတယ်။
ချောဆွဲခံရကုန်တင်ကားတွေနဲ့ နီးစပ်သူတယောက်က “လုပ်ငန်းရှင်တဦးက ဘိလပ်မြေတွေ၊ အိမ်ဆောက်ပစ္စည်းတွေ တိုက်မယ်ဆိုပြီး ခေါ်သွားတာ။ ပြီးမှ မိုးကာအစိမ်းတွေအုပ်၊ စစ်ကားတွေညှပ်ထည့်တော့မှ သူတို့ကို လိမ်ခေါ်တာမှန်း သိသွားကြတယ်။ ကားသမားတွေ လမ်းမှာ အပစ်ခံရမှာ တော်တော်စိုး ရိမ်နေကြတယ်။ သူတို့လည်း ပြန်မယ်လုပ်တော့ စစ်တပ်ဘက်က မပြန်ခိုင်းတော့ဘူး။ မြစ်ကြီးနားက စစ်တပ်အရာရှိအိမ်ကို သွားပို့ရမှာလို့တော့ သိထားရတယ်” လို့ DVB ကိုပြောပါတယ်။
အဲဒီ စစ်တပ်ရဲ့ယာဉ်တန်းမှာ အတွဲကား ၅၉ စီး၊ ပွိုင့် 5 ပါ ကား ၆ စီး၊ ဒရုန်းဖာတွေလို့ ယူဆရတဲ့ ကား ၅ စီး၊ စစ်သားအင်းအား ၈၀ ဝန်းကျင်ပါတဲ့ ကားအစီး ၂၀၊ ကားအသေး ၈ စီး၊ ဆီဘောက်ဆာကား ၁၁ စီး၊ စုစုပေါင်း ၉၉ စီးဝန်းကျင် ပါတယ်လို့ သိရပါတယ်။
မတ္တာရာ-သပိတ်ကျင်း-ထီးချိုင့်-ကသာ-အင်းတော်-မိုးညှင်းဘက်ကနေ မြစ်ကြီးနားမြို့ကို တက်မှာဖြစ်ဖြစ်ပြီး အဲဒီလမ်းကို အာဏာသိမ်းစစ်တပ်ဘက်က ထိန်းချုပ်ထားတာဖြစ်ပေမဲ့ တော်လှန်ရေးတပ်တွေက ကြားဖြတ်ဝင်ရောက်တိုက်ခိုက်တာတွေလည်းရှိနေတာပါ။
မြစ်ကြီးနားကိုတက်တဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အထူးသဖြင့် အင်းတော်–မဲဇာ၊ ထီးချိုင့်–ကသာလမ်းပိုင်းမှာတော့ အောက်တိုဘာ ၈ ရက်က တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဟာ လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကြောင်းထိုးနေသလို လေကြောင်း တိုက်ခိုက်တာတွေလည်း လုပ်ဆောင်နေပါတယ်။











