DVB Logo
Home
မြန်မာသတင်း
ဧရာဝတီမြစ်ရေတက်နေပြီး ရေကြီးမှုထပ်ကြုံမည်ကို မြစ်ကြီးနားမြို့ခံများ စိုးရိမ်
DVB
·
June 12, 2026
၂၀၂၄ မိုးရာသီက မြစ်ရေကြီးပြီး နစ်မြုပ်နေသည့် မြစ်ကြီးနားမြို့။ (Photo: IPD)
၂၀၂၄ မိုးရာသီက မြစ်ရေကြီးပြီး နစ်မြုပ်နေသည့် မြစ်ကြီးနားမြို့။ (Photo: IPD)
Donate to DVB

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဧရာဝတီမြစ်ရေဟာ တပတ်အတွင်း ၁၀ ပေလောက် ခုန်တက်လာနေပြီး ဒီနှစ် မြစ်ရေထပ်ကြီးမှု ကြုံရမှာကို စိုးရိမ်တယ်လို့ မြို့ခံတွေက DVB ကို ပြောပါတယ်။

မြစ်ကြီးနားမြို့ဟာ ပြီးခဲ့တဲ့ ၂ နှစ်ဆက်တိုက် ရေကြီးမှုဒဏ်ကို ခံထားရပြီး ထောင်နဲ့ချီတဲ့ ဒေသခံတွေ ရေဘေးသင့်ခဲ့တာပါ။

ဒီနေ့ ဇွန် ၁၁ ရက် နေ့လယ်အထိ မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့မှာ ၂၁ ပေကျော် (၆၆၅ စင်တီမီတာ) အထိ ရောက်နေပြီး ဒါဟာ ပြီးခဲ့တဲ့ ဇွန် ၄ ရက်က ၁၂ ပေကျော် (၃၈၁ စင်တီမီတာ) ထက် ၂ ဆ နီးပါး မြင့်တက်လာတာပါ။

နောက် ၂၄ နာရီအတွင်း ဧရာဝတီမြစ်ရေဟာ ၂၅ ပေကျော် (၇၈၅ စင်တီမီတာ) ထိ တက်နိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပြီး မြစ်ကြီးနားမြို့ရဲ့ စိုးရိမ်ရေမှတ်က ၃၉ ပေကျော် (၁,၂၀၀ စင်တီမီတာ) ဖြစ်ပါတယ်။

မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်မှာ နေသူတယောက်က “အခု မြစ်ကြီးနားက လူတော်တော်များများက မြစ်ရေကြီးလာမှာကို ကြောက်နေကြတာ။ ရေကလည်း တိုးနေတာ၊ နေ့တိုင်းပဲ။ မိုးကလည်း အထက်ဘက်မှာ ကောင်းနေတယ်လေ။ ၂၀၂၄ မှာတုန်းကလို ရေထပ်ကြီးမှာကို ငါတို့ စိုးရိမ်နေကြတာ” လို့ ပြောပါတယ်။

စီတာပူရပ်ကွက်ဟာ မြစ်ကြီးနားမြို့ရဲ့ အမြင့်ပိုင်း ရပ်ကွက်တွေထဲမှာ ပါဝင်ပေမဲ့ ၂၀၂၄ မှာ မြစ်ရေလွှမ်းတာခံရပြီး ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရဖူးပါတယ်။ အဲဒီတုန်းက ဇွန်လအကုန်မှာ မြစ်ရေစကြီးခဲ့ပြီး ဇူလိုင်လထဲမှာတော့ တမြို့လုံးနီးပါး ရေဘေးဒုက္ခကြုံခဲ့ကြရတာပါ။

နောက်ထပ် မြစ်ကြီးနားမြို့ခံတယောက်က “မြစ်အပေါ်ပိုင်းမှာ ရွှေတူးနေကြတာတွေက အခုက မြင်မကောင်းဘူး။ စစ်တပ်ထိန်းထားတဲ့ ဗလမင်းထင် တံတားနားတင် တူးနေကြတာ ရှိတယ်။ စိုးရိမ်တာပေါ့။ ဟိုးဘက်အပေါ်ပိုင်းမှာလည်း တူးကြတယ်လေ။ အခု မိုးက ကောင်းနေတော့ ရေမြန်မြန်မြုပ်လာမှာ ပူနေကြတာ။ ဒီကာလက အကုန်လုံး အဆင်မပြေကြတော့ ပိုစိုးရိမ်နေကြတာ” လို့ ပြောပါတယ်။

ရွှေတူးဖော်မှုတွေကြောင့် မြစ်ကြမ်းပြင် အနည်ကျမှုများပြီး ရေစူးတိမ်လာကာ ရုတ်တရက် ရေကြီးတာတွေ ဖြစ်နိုင်တာကိုလည်း ပညာရှင်တွေက သတိပေးကြပါတယ်။

ဧရာဝတီမြစ်ရဲ့ မြစ်ဖျားတခုဖြစ်တဲ့ မေခမြစ်အထက်ပိုင်းမှာ မိုးကြီးနေတဲ့အတွက် မေခမြစ်မှာ ရေတွေ တရှိန်ထိုး တက်နေတယ်လို့ ကချင်ပြည်နယ်ဒေသခံတချို့က လူမှုကွန်ရက်မှာ ဖော်ပြကြပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာလည်း မြစ်ကြီးနားမြို့အထက်ပိုင်း တောင်တန်းဒေသတွေဖြစ်တဲ့ ခေါင်လန်ဖူးမြို့နယ်ထဲမှာ မိုးသည်းထန်ပြီး မြစ်ရေကြီးလာတဲ့အတွက် စာသင်ကျောင်းနဲ့ နေအိမ်တချို့ ရေမြုပ်တဲ့အထိ ဖြစ်ခဲ့ပါသေးတယ်။

၂၀၂၅ ဇူလိုင်လထဲမှာလည်း ကချင်ပြည်နယ်အတွင်း မိုးသည်းထန်ရွာကာ မြစ်ရေကြီးမှုကြောင့် လူဦးရေထောင်နဲ့ချီ ရေဘေးသင့်ခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013