DVB Logo
Home
မြန်မာသတင်း
ရှမ်းတောင်၌ မိုးသည်းထန်ပြီး တောင်ကျရေကြောင့် စိုက်ခင်းဧက ၅၀,၀၀၀ ကျော် ပျက်စီး
DVB
·
June 13, 2026
Photo: စိုင်းစိုးမြင့်
Photo: စိုင်းစိုးမြင့်
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်းမှာ အခုဇွန်လအတွင်း မိုးသည်းထန်စွာ ရွာသွန်းတာတွေနဲ့ တောင်ကျရေ စီးဆင်းမှုတွေကြောင့် ဒေသခံတွေ စိုက်ပျိုးထားတဲ့ စိုက်ပျိုးရေးခြံဧက ၅၀,၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ညောင်ရွှေ၊ ပင်လောင်း၊ တီကျစ်၊ နောင်တရား၊ အောင်ပန်း၊ ပင်းတယနဲ့ ဆီဆိုင်ဒေသမှာ စိုက်ပျိုးထားတဲ့ ခရမ်းချဉ်သီး၊ အာလူး၊ ပြောင်း၊ စပါး၊ ရွှေပဲနဲ့ ငရုတ်သီးခြံတွေဟာ ရေမြုပ်တာနဲ့ တောင်ကျရေတိုက်စားတာတွေကြောင့် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အထူးသဖြင့် ခရမ်းချဉ်သီး၊ အာလူးနဲ့ ပြောင်းခြံတွေက ရေကြီးရေလျှံမှုကြောင့် ရေမြုပ်ပျက်စီးရသလို တောင်ကျရေစီးဆင်းချိန်မှာ မြေဆီလွှာတွေပါ မျောပါသွားတာကြောင့် အများအပြား ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

ဒေသခံတယောက်က “တောင်ကျရေကြောင့်ကော၊ မိုးရေကြောင့်ကော ရေကြီးရေလျှံဖြစ်လာတဲ့အခါကျတော့ ကျမတို့တောင်သူတွေ စိုက်ထားတဲ့ ခရမ်းချဉ်သီးတို့၊ စပါးတို့ အကုန်ရေမြုပ်ကုန်တယ်။ ရေမြုပ်ပြီး ရေပြန်ကျတဲ့အခါလည်း နုန်းမြေတွေက တင်တော့ စိုက်ပျိုးခြံ ပျက်စီးရတယ်။ အဲဒီလိုမြုပ်တော့ ကျမတို့ အများကြီး ဆုံးရှုံးခဲ့ရတယ်။ အခြေအနေ တော်တော်ဆိုးတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ဆီဆိုင်နဲ့ နမ့်စန်ဒေသတွေက နာနတ်သီးစိုက်ခင်း ဧက ၁၀၀ နီးပါးမှာလည်း မိုးရေတွေ အပင်အတွင်း ဝင်ရောက်ပြီး အပင်ပုပ်တာနဲ့ သေဆုံးတာတွေ ဖြစ်ပေါ်နေတဲ့အတွက် ထပ်မံဆုံးရှုံးမှုတွေ ကြုံတွေ့နေရတယ်လို့ စိုက်ပျိုးရေးလုပ်ကိုင်သူတွေက ပြောပါတယ်။

မိုးအဝင်စကတည်းက အခုလို မိုးများပြီး စိုက်ပျိုးရေးခြံတွေ အများအပြား ပျက်စီးသွားတာကြောင့် ဒေသခံတောင်သူတွေရဲ့ စားဝတ်နေရေးကို များစွာ ထိခိုက်စေတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

နောက်ဒေသခံတယောက်က “ဒီပျက်စီးတဲ့အခြေအနေက တောင်သူတွေအပေါ် အများကြီး သက်ရောက်မှုရှိတယ်။ ဒီရှမ်းတောင်မှာက စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြတယ်။ အခု ထွက်ရှိတဲ့ သီးနှံတွေကလည်း ဈေးမကောင်းဘူးဆိုတော့ ရင်းထားတာနဲ့ ရတဲ့အမြတ် မကိုက်ဘူး။ ရာသီဥတုကလည်း ဖောက်ပြန်ပြီး အခုလို ထပ်ကြုံရတော့ တောင်သူတွေရဲ့ စားဝတ်နေရေးနဲ့ ဘဝနေထိုင်ရေးကို ပိုပြီး ထိခိုက်စေပါတယ်" လို့ ပြောပါတယ်။

လက်ရှိမှာ ပျက်စီးဆုံးရှုံးတဲ့ စိုက်ပျိုးဧက ၅၀,၀၀၀ ရှိနေပြီဖြစ်ပေမဲ့ ဒီထက်လည်း ပိုနိုင်သေးတယ်လို့ သိရပါတယ်။

ဒေသခံတောင်သူတွေအနေနဲ့ အရင်းအနှီးဆုံးရှုံးမှု ကြီးမားနေပြီး ပြန်လည်စိုက်ပျိုးဖို့ အခက်အခဲတွေ ကြုံနေရတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ပြောပါတယ်။

ဒေသခံတောင်သူတွေကတော့ မိုးဆက်လက်ရွာသွန်းနေမယ်ဆိုရင် ပျက်စီးမှုတွေ ပိုများလာနိုင်တယ်လို့ စိုးရိမ်နေကြပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ အကူအညီတွေ လိုအပ်နေတယ်လို့ ပြောပါတယ်။

ရှမ်းတောင်ဒေသမှာ အခုရက်ပိုင်းအတွင်း နေ့စဉ်နီးပါး မိုးရွာသွန်းနေပြီး တောင်ယာနဲ့ စိုက်ခင်းတွေမှာ ရေဝင်ရောက်တာ၊ မြေပြိုတာနဲ့ ရေလမ်းကျော်တာတွေ ဖြစ်ပေါ်နိုင်တာကြောင့် သတိထားသွားလာနေထိုင်ကြဖို့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနကလည်း သတိပေးထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013