
ဧရာဝတီတိုင်း၊ ပုသိမ်မြို့က Royal Lake ( ကန်သုံးဆင့်) မှာ ကျင်းပခဲ့တဲ့ အဝေးသင်တက္ကသိုလ် ဒုတိယအသုတ် စာမေးပွဲပြီးဆုံးခြင်း အထိမ်းအမှတ် ရွှေထူး ဂီတဖျော်ဖြေပွဲအတွင်း ခိုက်ရန် ဖြစ်ပွားခဲ့ရာက လူငယ်တယောက် သေဆုံးခဲ့ပါတယ်။
အောက်တိုဘာ ၃၀ ရက် ညပိုင်းက ပုသိမ်မြို့၊ ကိုးဆူကျေးရွာ၊ မြစိမ်းကျွန်းရပ်ကွက်မှာ လာရောက် နေထိုင်တဲ့ အသက် ၁၇ နှစ်အရွယ် မောင်လင်းထက်အောင် သေဆုံးခဲ့တာဖြစ်ပြီး ဖြစ်စဉ်မှာ ပါဝင်ပတ်သက်သူတွေဟာ ငပုတောမြို့နယ်ကနေ ပုသိမ်အဝေးသင်တက္ကသိုလ်မှာ စာမေးပွဲ လာရောက်ဖြေဆိုတဲ့ ကျောင်းသားတွေ ဖြစ်တယ်လို့ သိရပါတယ်။
ပုသိမ်မြို့ခံ တယောက်က “သေဆုံးသွားတဲ့ ကောင်လေးကို ၅ ယောက်ပါတဲ့အဖွဲ့က ဝိုင်းရိုက်နှက် ခဲ့တာပါ။ ဖျော်ဖြေပွဲလုပ်နေချိန်မှာ အရိုက်ခံရတာဖြစ်ပြီး တခါတည်း ပွဲချင်းပြီး သေဆုံးသွား တာပါ” လို့ ပြောပါတယ်။
အဆိုပါ ဂီတဖျော်ဖြေပွဲကို လာရောက်သူတွေထဲမှာ မူးယစ်ဆေးဝါး သုံးစွဲထားသူတွေနဲ့ အရက်သေစာ အလွန်အကျွံ သောက်ထားသူတွေ ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပွဲစီစဉ်သူဖြစ်တဲ့ Royal Lake ပိုင်ရှင် အောင်အောင်ဟာ အခုဖြစ်စဉ်ကြောင့် ပွဲကျင်းပခွင့် ပိတ်သိမ်းခံရမှာကို စိုးရိမ်တဲ့အတွက် သတင်းတွေ လူမှုကွန်ရက်ပေါ် ပျံ့နှံ့မသွားအောင် ဖုံးဖိဖို့ ကြိုးစားနေပြီး ငွေကြေးနဲ့ ဖြေရှင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။











