ဗြိတိန်မှာ တိုက်ရိုက်ကြည့်ရှုရတဲ့ အားကစားပွဲစဉ်တွေရဲ့ လက်မှတ်ခတွေနဲ့ ရုပ်သံလိုင်း စာရင်းသွင်းခတွေဟာ အဆမတန် မြင့်တက်လာနေပါတယ်။
ဒီလို ဈေးနှုန်းကြီးမြင့်မှုကြောင့် သာမန်ပရိသတ်တွေဟာ ကွင်းထဲသွားရောက်ကြည့်ရှုဖို့ ခက်ခဲလာသလို အိမ်ကနေ အားပေးဖို့အတွက်လည်း ရုပ်သံလိုင်း အများကြီးကို ငွေကြေးအမြောက်အမြား ပေးဆောင်ပြီး ဝယ်ယူရတဲ့ ဒုက္ခနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
ဒီပြဿနာဟာ လက်ရှိအချိန်မှာ အတော်လေး ဂယက်ရိုက်ခတ်နေတာ ဖြစ်ပါတယ်။
လာမဲ့ပြိုင်ပွဲတွေဖြစ်တဲ့ အက်ရှ်စတက်စ် ခရစ်ကက်ပွဲစဉ် လက်မှတ်ခဟာ အရင်ကထက် ၂ ဆနီးပါး တက်သွားသလို ဝင်ဘယ်လ်ဒန် တင်းနစ်ဗိုလ်လုပွဲ လက်မှတ်ကလည်း ပေါင် ၄၀၀ အထိ ရှိလာတာပါ။
ခရစ်ကက်ပရိသတ်တယောက်ဖြစ်တဲ့ လီဟန်လွန်ကတော့ သာမန်ပရိသတ်တွေ ပွဲကြည့်ခွင့် မရတော့ဘဲ ငွေကြေးချမ်းသာသူတွေသာ ကွင်းထဲဝင်နိုင်တော့မဲ့ အခြေအနေကို စိတ်ပျက်မိကြောင်း ပြောကြားထားပါတယ်။
ပွဲစီစဉ်သူတွေကတော့ ကုန်ကျစရိတ်တွေ မြင့်တက်လာတာကြောင့် အခုလို ဈေးမြှင့်ရတာလို့ တုံ့ပြန်ထားပါတယ်။











