
ရန်ကုန်၊ အင်းစိန်အကျဉ်းထောင်အတွင်းက သေဒဏ်ကျအကျဉ်းသားတွေ သီးသန့်ထားရှိတဲ့ “၂ တိုက်” မှာ တန်းစီးချုပ်လုပ်နေသူက အသစ်ရောက်ရှိလာတဲ့ နိုင်ငံရေးအကျဉ်းသားတွေအပေါ် မတရားဖိနှိပ်မှုနဲ့ ငွေညှစ်နေတယ်လို့ ထောင်တွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
တန်းစီး ကိုဦးဟာ အကျဉ်းဦးစီးအာဏာပိုင်တွေရဲ့ မျက်နှာသာပေးမှုကို အခွင့်ကောင်းယူပြီး အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ တော်လှန်ရေးနဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံထားရတဲ့ သေဒဏ်ကျ နိုင်ငံရေးအကျဉ်းသားတွေကို ဆဲဆိုရိုင်းပျတာ၊ မိုက်ကြေးခွဲတာနဲ့ အလှူငွေအမည်တပ်ပြီးတော့ ငွေတောင်းခံတာတွေ လုပ်ဆောင်နေတယ်လို့ အင်းစိန်ထောင်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ဆိုပါတယ်။
အင်းစိန်ထောင်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က “ကိုဦးက အကျဉ်းသားအသစ်တွေကို မတရားဖိနှိပ်တာတင်မကဘူး၊ သေဒဏ်တိုက်ရဲ့ အခန်း (၂၁) မှာ သူကိုယ်တိုင်ဦးဆောင်ပြီး ဖဲဝိုင်းတွေတောင် ထောင်ထားတယ်။ အရင်တုန်းကလည်း အဆောင် (၄) မှာ တန်းစီးလုပ်တုန်းက ငလျင်ဘေးအလှူငွေဆိုပြီး အကျဉ်းသားတွေဆီက ငွေတွေလိမ်ညာကောက်ခဲ့လို့ အတိုင်ခံရပြီး ပြုတ်ဖူးတဲ့သူပါ” လို့ ဆိုပါတယ်။
လက်ရှိမှာ ကိုဦးဟာ ထောင်အာဏာပိုင်တွေအတွက် ငွေရှာပေးနေသူတယောက်အဖြစ် လုပ်ဆောင်နေပြီး တော်လှန်ရေးအင်အားစုတွေကို ဖိနှိပ်ဖို့အတွက် အာဏာပိုင်တွေက သူ့ကို အသုံးချနေတာလို့လည်း ထောင်တွင်းသတင်းရင်းမြစ်တွေက ဆိုပါတယ်။
အခုလို နိုင်ငံရေးအကျဉ်းသားတွေကို ဖိနှိပ်နေတဲ့ပေါ် ထောင်အာဏာပိုင်တွေဘက်ကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိပါဘူး။










