
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့မှာ လှေနဲ့ ငါးထွက်မျှားစဉ် လှေမှောက်ပြီး ပျောက်ဆုံးနေတဲ့ အမျိုးသားတယောက်ရဲ့ ရုပ်အလောင်းကို ပြန်လည်ရှာဖွေတွေ့ရှိပြီလို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
ဩဂုတ် ၂၇ ရက် ည ၁၀ နာရီ မိနစ် ၄၀ လောက်က ငါးသိုင်းချောင်းမြို့၊ မြို့သစ်ရပ်ကွက်နဲ့ ရွာသစ်ကုန်းကြားရှိ ရွာသစ်ကုန်းတံတားအနီး ရိုးချောင်းအတွင်း လှေနဲ့ ငါးထွက်မျှားထွက်တဲ့ အမျိုးသား ၂ ယောက်ဟာ ရေစီးနဲ့ မျောပါကာ လှေမှောက်ပြီး ရေနစ်ပျောက်ဆုံးသွားတာပါ။
ကူညီကယ်ဆယ်ရေးအဖွဲ့တွေက လှေမှောက်ပျောက်ဆုံးနေတဲ့ အမျိုးသား ၂ ယောက်ကို ရှာဖွေကယ်ဆယ်ရာမှာ တယောက်ကို ဖြစ်စဉ်ဖြစ်ပွားတဲ့ ညပိုင်းမှာပဲ အသက်ရှင်လျက် ရှာဖွေတွေ့ရှိခဲ့ပေမဲ့ အသက် ၂၈ နှစ်အရွယ် ကိုကောင်းထက်ဇော် ကတော့ ပျောက်ဆုံးနေခဲ့ပြီး ဩဂုတ် ၂၉ ရက် မနက်မှ ရုပ်အလောင်းကို ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေတွေ့ရှိခဲ့တာပါ။
ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးသူတယောက်က “ငါးထွက်မျှားရင်း လှေမှောက် ပျောက်ဆုံးနေတဲ့ အမျိုးသားရဲ့ အလောင်းကို ပြန်တွေ့တာ ဟုတ်ပါတယ်။ ရွာသစ်ကုန်းတံတား အနီးမှာပဲ တွေ့တာဖြစ်ပြီး လှေမှောက်ခဲ့တဲ့ နေရာနဲ့ သိပ်မကွာပါဘူး” လို့ ပြောပါတယ်။
ပြန်တွေ့တဲ့ ကိုကောင်းထက်ဇော်ရဲ့ ရုပ်အလောင်းကို ရှာဖွေကူညီကယ်ဆယ်ရေးအဖွဲ့က ရေကြည်မြို့နယ် ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ သယ်ယူပို့ဆောင်ပေးခဲ့ပါတယ်။
အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “အလောင်းပြန်တွေ့တဲ့ ကောင်လေးက ရေနစ် သေဆုံးတာပါ။ ကောင်လေးတွေ ငါးထွက်မျှားရင်း ဖြစ်သွားကြတာ။ ရေကြီးရေလျှံ ဖြစ်နေတဲ့အချိန်တွေမှာ ရေထဲကို မလိုအပ်ဘဲ အသွားအလာ မလုပ်ကြဖို့ အကြံပြုချင်ပါတယ်။ မလိုအပ်ဘဲ အသက်အန္တရာယ် ဆုံးရှုံးသွားနိုင်ပါတယ်”လို့ ပြောပါတယ်။
ဩဂုတ် ၁၈ ရက် ညနေပိုင်းကလည်း ငါးသိုင်းချောင်းမြို့၊ ဘုရားလမ်းနဲ့ အောင်ဇေယျလမ်းဆုံမှာ အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားတယောက် ရေစီးနဲ့ မျောပါ သေဆုံးခဲ့ပါတယ်။
ငါးသိုင်းချောင်းမြို့မှာ ဩဂုတ် ၃၀ ရက်အထိ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေဆဲဖြစ်ပြီး လူဦးရေ ၅,၀၀၀ ကျော်မှာ ယာယီရေဘေးကယ်ဆယ်ရေးစခန်းတွေမှာ ပြောင်းရွှေ့နေထိုင်နေကြရဆဲ ဖြစ်ကြောင်း သိရပါတယ်။
လတ်တလော ငါးသိုင်းချောင်းမြို့မှာ ငဝန်မြစ်ရေ မြင့်တက်လာမှုနဲ့ လေးမျက်နှာမြို့နယ်ဘက်မှ ရေတွေ စီးဝင်လာတဲ့ အရှိန်ကြောင့် အောင်ဆန်းရပ်ကွက်၊ မြို့မရပ်ကွက်၊ ရွှေဘိုရပ်ကွက်၊ မြို့သစ်ရပ်ကွက် အပါအဝင် ရပ်ကွက်အများအပြားမှာ ရေကြီးရေလျှံနေပါတယ်။











