
ထိုင်ဝမ်သမ္မတ လိုင်ချင်းတယ်ဟာ တချိန်က ဆွာဇီလန်လို့ ခေါ်ကြတဲ့ အာဖရိကတိုက်က အက်ဆွာတီနီနိုင်ငံကို လျှပ်တပြက် သွားရောက်ခဲ့ပါတယ်။
ထိုင်ဝမ်မှာ ကမ္ဘာကြီးနဲ့ ထိတွေ့ဆက်ဆံပိုင်ခွင့်ရှိပြီး ဘယ်နိုင်ငံကမှ ဒါကို ဟန့်တားလို့ မရနိုင်ဘူးလို့ သမ္မတ လိုင်က ပြောပါတယ်။
ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကို တရုတ်ပြည်မကြီးက သူပိုင်နယ်နိမိတ်အဖြစ် သတ်မှတ်ထားပြီး အခြားနိုင်ငံတွေနဲ့ မဆက်ဆံဖို့ ဖိအားပေးလေ့ရှိပါတယ်။
လက်ရှိမှာ ပြည်မကြီးက တရုတ်ပြည်သူ့သမ္မတ နိုင်ငံ (PRC) လို့ သုံးပြီးတော့ ထိုင်ဝမ်က တရုတ် သမ္မတနိုင်ငံ (ROC) လို့ သုံးပါတယ်။
“တရုတ်သမ္မတနိုင်ငံ၊ ထိုင်ဝမ်ဟာ အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်ပြီးတော့၊ ထိုင်ဝမ်ဟာ ကမ္ဘာကြီးနဲ့ သက်ဆိုင်ပါတယ်။ ဘယ်နိုင်ငံကမှ ထိုင်ဝမ်က ကမ္ဘာကြီးအပေါ် ပံ့ပိုးမှုတွေကို ဟန့်တားဖို့ ကြိုးစားခွင့် မရှိပါဘူး” လို့ မေလ ၂ ရက်တုန်းက လိုင်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း အက်ဆွာတီနီကိုသွားမဲ့ လိုင် ရဲ့ခရီးစဉ်ဟာ တရုတ်ရဲ့ဖိအားကြောင့် လေယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ခံရလို့ ဖျက်သိမ်းခဲ့ရပါတယ်။
အက်ဆွာတီနီဟာ ထိုင်ဝမ်နဲ့ တရားဝင်သံတမန်ဆက်သွယ်ရေးရှိတဲ့ နိုင်ငံ ၁၂ နိုင်ငံထဲက တခု ဖြစ်ပါတယ်။ တရုတ်အစိုးရရဲ့ ထိုင်ဝမ်ရေးရာရုံးကတော့ လိုင် ဟာ ခိုးကြောင်ခိုးဝှက် သွားခဲ့တာလို့ ဝေဖန်ပါတယ်။
“ကြွက်တကောင် လမ်းဖြတ်ကူးသလိုမျိုး လိုင်ချင်းတယ်ရဲ့ စိတ်ပျက်ဖွယ်လုပ်ရပ်ကို နိုင်ငံတကာ အသိုင်းအဝိုင်းက လှောင်ပြောင်ကြမှာပဲ” လို့ မေ ၂ ရက် ညပိုင်းမှာ တရုတ်က ထုတ်ပြန်ပါတယ်။
ထိုင်ဝမ်ဘက်ကလည်း တရုတ်ရဲ့ ဒီလိုပြောဆိုချက်တွေဟာ အလွန်ပျင်းစရာကောင်းတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
Source: Reuters










