
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ အရပ်သား ပြည်သူတွေနေထိုင်ရာ ကျေးရွာတွေကို စစ်အာဏာရှင်တပ်က အောက်တိုဘာလ ၃ ရက် မနက်ပိုင်းကစတင် Suicide Drone အပါအဝင် ဂျက်တိုက်လေယာဉ်တွေနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အမျိုးသမီး ၁ ယောက်သေဆုံးပြီး ၆ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့ အရပ်သား ပြည်သူတွေ ထိခိုက်သေဆုံးခဲ့ရတဲ့အပြင် လူနေအိမ်တွေနဲ့ ဈေးဆိုင်တွေပါ ပျက်စီးဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။
ဒေသခံ ရွာသားတယောက်က "ကျနော်တို့ ကန့်ဘလူမြို့နယ် အရှေ့ခြမ်းမှာဆိုရင် ချောင်းရှည်ရွာက တောတဲတွေ၊ တောကျောင်း ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနဲ့ ထန်းတောရွာ ဘုန်းကြီးကျောင်းတို့ကို မနက် ၉ နာရီမှာ မကွေးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်သွားတာပါ။ အဲဒီလို တိုက်ခိုက်မှုကြောင့် အသက် ၃၀ အရွယ် မသန်းသန်းဝင်း နေရာမှာတင် သေဆုံးခဲ့ရပြီး အသက် ၇၀ အရွယ် ဒေါ်တင်သန်း၊ အသက် ၁၆ နှစ်အရွယ် မောင်ဇွဲခန့်ဦးနဲ့ အသက် ၃၀ ခန့်ရှိ မနှင်းနှင်းကြိုင် စတဲ့ ပြည်သူ ၃ ဦး ကျည်စ ထိမှန်ခဲ့ပါတယ်”လို့ ပြောပါတယ်။
နောက်ပြီး ကန့်ဘလူ မြောက်ခြမ်း အုန်းခြောက်လုံးကျေးရွာ၊ သန်းထိုက်အောင်ဆိုင် အနီးဝန်းကျင်ကိုလည်း မိတ္ထီလာက တက်လာတဲ့ ဂျက်တိုက်လေယာဉ်နဲ့ မနေ့ မနက် ၁၀ နာရီကျော်မှာ ထပ်ပြီး ဗုံးကြဲခဲ့လို့ အသက် ၄၉ နှစ်အရွယ် ဒေါ်ချိုပြုံး၊ အသက် ၄၆ နှစ်အရွယ် ဒေါ်သိန်းနဲ့ ဦးညိုတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဒါ့အပြင် ဘုတလင်မြို့နယ် အရှေ့တောင်ခြမ်းရှိ ကုန်းသာကျေးရွာကိုလည်း အောက်တိုဘာ ၃ ရက် မွန်းလွဲပိုင်းမှာ အသေခံဒရုန်းနဲ့ ဂျက်တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်သွားပါတယ်။
ဒေသခံရွာသားတယောက်က "စစ်ကောင်စီတပ်က အရင်ဆုံး Suicide Drone နဲ့ ဗုံးသီး ၂ လုံး လာကြဲတာပါ။ အဲဒါပြီးတော့ မိတ္ထီလာက တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ဗုံးသီး ၂ လုံး ထပ်ကြဲ သွားပါတယ်။ Suicide Drone ကတော့ နမခ (အနောက်မြောက်တိုင်းစစ်ဌာနချုပ်) က တက်လာပြီး ကြဲတာပါ" လို့ ပြောပါတယ်။
ဝက်လက်မြို့နယ် အနောက်ခြမ်းရှိ အရပ်သား ပြည်သူတွေ နေထိုင်ရာ နေရာတခုကို အောက်တိုဘာ ၃ ရက် ညနေ ၆ နာရီလောက်မှာ စစ်အာဏာရှင်တပ်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အမျိုးသားတယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
ဒေသကာကွယ်ရေး အဖွဲ့တာဝန်ခံတယောက်က "တံတားဦးက တက်လာတဲ့ ဂျက်ဖိုက်တာတစင်းက ညနေ ၆ နာရီလောက်မှာ လေကြောင်းတိုက်ခိုက်မှု တကြိမ် ပြုလုပ်သွားပါတယ်။ အသက် ၁၈ နှစ်အရွယ် အမျိုးသားတယောက် သေဆုံးခဲ့ပြီး ၂ ယောက် ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရသူ ၂ ယောက် ကတော့ အသက်အန္တရာယ် မစိုးရိမ်ရပါဘူး"လို့ ပြောပါတယ်။
လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရတဲ့နေရာဟာ မြေပြင်စစ်ရေး လှုပ်ရှားမှုတွေနဲ့ တိုက်ပွဲ ဖြစ်ပွားတာမရှိတဲ့ အပြစ်မဲ့ အရပ်သားတွေ နေထိုင်ရာ ဒေသဖြစ်ပါတယ်။
စစ်တပ်က အရပ်သား ပြည်သူတွေကို အကြောင်းမဲ့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေလို့ ပြည်သူတွေအနေနဲ့ လေကြောင်းသတိ၊ လေကြောင်း အသိနဲ့ နေထိုင်ကြဖို့ စစ်ကိုင်းတိုင်းအတွင်းရှိ ဒေသခံ တော်လှန်ရေး အင်အားစုတွေက သတိပေးနှိုးဆော်ထားပါတယ်။ တိုက်တွန်း နှိုးဆော်ထားပါတယ်။










