
မွန်ပြည်နယ်လွှတ်တော်မှာ လုံခြုံရေးယူနေတဲ့ ရဲတပ်သားတယောက်ကို ဖမ်းဆီးပြီး ကျားဖောင်လုပ်ငန်းဆီမှာ သွားရောင်းစားခဲ့တဲ့ စစ်တပ်က ဒုတပ်ကြပ် တင်သန်း အပါအဝင် စစ်သား ၃ ယောက်ကို ဇွန် ၂၀ ရက်က ဖမ်းဆီးလိုက်တယ်လို့ လွှတ်တော်ရုံးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
ရဲတပ်သားဇော်ဝင်းထွန်းဟာ မော်လမြိုင်မြို့ရှိ နဂါးမောက်စေတီအနီးမှာ ဇွန် ၁၉ ရက် ညနေ ၄ နာရီခွဲက ထိုင်နေတုန်း ဒုတပ်ကြပ်တင်သန်းနဲ့အဖွဲ့က စစ်ဆေးစရာရှိလို့ လိုက်ခဲ့ဖို့ပြောဆိုရာကနေ အချေအတင်စကားများကြပြီးနောက် ရိုက်နှက်ခေါ်သွားတာလို့ လွှတ်တော်ရုံးနဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။
“ဘုရားမှာ ထိုင်နေတဲ့အချိန် စစ်ဆေးစရာရှိလို့ လိုက်ခဲ့ဖို့ ခေါ်တော့ ကျနော်က ရဲ၊ လွှတ်တော်မှာ တာဝန်ကျနေတာလို့ ရဲတပ်သားက ပြန်ပြောတာကို ဖမ်းတဲ့ စစ်သားတွေက ဘာရဲလဲ၊ ငါ ဗိုလ်မှူးပဲ လို့ ပြောပြီး နားရင်းတွေရိုက်ပြီး ဆိုင်ကယ်နဲ့ခေါ်သွားတာ။”
ရဲတပ်သား ဇော်ဝင်းထွန်းအား ဖမ်းဆီးခေါ်ဆောင်သွားပြီး ည ၈ နာရီလောက်မှာ ကျိုက္ခမီမြို့ရှိ ကျားဖောင်လုပ်ငန်းတခုကို ရောင်းစားပြီး ဒုတပ်ကြပ်တင်သန်းနဲ့အဖွဲ့က ကြိုတင်ငွေ ၁၂ သိန်းထုတ်သွားတယ်လို့ ပြောပါတယ်။
ကျိုက်ခမီရဲစခန်းနဲ့ နီးစပ်သူတယောက်က “ကျားဖောင်ကိုရောက်နေတဲ့ ရဲတပ်သားက ရေလုပ်ငန်းအကျိုးဆောင်ကို ကျနော်က လွှတ်တော်မှာ တာဝန်ကျနေတဲ့ ရဲပါ၊ စစ်တပ်က ဖမ်းခေါ်ပြီး လာရောင်းစားသွားတာလို့ ငိုယိုပြီး အကူအညီတောင်းလို့ ကျိုက်ခမီရဲစခန်းကို ဖုန်းဆက်အကြောင်းကြားတာ။ ဖမ်းခေါ်သွားတဲ့ စစ်သား ၃ ယောက်ကိုလည်း မိထားတယ်” လို့ ပြောပါတယ်။
ဒုတပ်ကြပ်တင်သန်း အပါအဝင် ၃ ယောက်ကို ဖမ်းဆီးရမိချိန်က ဆိုင်ကယ်နှစ်စီးနဲ့အတူ စစ်သားစုဆောင်းရေးတပ်ဖွဲ့ရုံး (မော်လမြိုင်)၊ တပ်သားသစ်စုဆောင်းရေး (တာဝန်ခံ) စိစစ်ရေးကတ်ပြား ၃ ခုကို သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းအရင်းအမြစ်က ပြောပါတယ်။
လတ်တလောမှာ မော်လမြိုင် စစ်သားစုဆောင်းရေးတပ်မှ ဒုတပ်ကြပ်တင်သန်း၊ တင်မင်းထွဋ်နဲ့ ဖြိုးကိုကို တို့ကို မော်လမြိုင် အမှတ် (၉) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုက စစ်ဆေးနေတယ်လို့ သိရပါတယ်။
စစ်မှုထမ်းနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံတဝန်း အာဏာရှင်စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးမှုတွေရှိပေမဲ့ ဒီကနေ့ထိ ဝန်ခံတာ မရှိသေးပါဘူး။
လူတိုင်းမဖြစ်မနေ စစ်မှုထမ်းရမဲ့ စစ်မှုထမ်းဥပဒေကို အာဏာရှင်စစ်ခေါင်းဆောင်ဟောင်းက ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ပြဋ္ဌာန်းခဲ့ပြီး မတ် ၂၈ ရက်မှာ စတင်ခေါ်ယူခဲ့ရာ အခုဆို အပတ်စဥ် ၂၆ ကို ရောက်လာပြီ ဖြစ်ပါတယ်။










