
စစ်အာဏာရှင် မင်းအောင်လှိုင်ကို သမ္မတအဖြစ် ရွေးချယ်ခန့်အပ်ပြီး အစိုးရသစ် ဖွဲ့စည်း လိုက်တာကို ကြိုဆိုကြောင်း ဂုဏ်ပြုသဝဏ်လွှာကို တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) က ဧပြီ ၁၅ ရက် ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
PSLF/TNLA အနေနဲ့ စစ်တပ်နဲ့အတူ စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်ရဲ့ အစိုးရသစ်နဲ့ အပစ်အခတ်ရပ်စဲရေး ကတိကဝတ်တွေကို ဆက်လက်ထိန်းသိမ်းပြီး နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာနိုင်ဖို့ မျှော်လင့်ထားပါတယ်လို့ ဖော်ပြထားပါတယ်။
TNLA ဟာ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ဟိုင်ဂင်သဘောတူညီချက်ကတဆင့် ၉ ကြိမ်မြောက်ဆွေးနွေးပွဲမှာ စစ်တပ်နဲ့ နှစ်ဖက်အပြန်အလှန် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို ၂၀၂၅ ခု အောက်တိုဘာ ၂၈ ရက်မှာ သဘောတူလက်မှတ်ရေးထိုးခဲ့တာလည်း ဖြစ်ပါတယ်။
TNLA ဟာ “၁၀၂၇” စစ်ဆင်ရေး ပထမလှိုင်းနဲ့ ဒုတိယလှိုင်းအပြီးမှာ ကွတ်ခိုင်၊ နမ္မတူ၊ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ မိုင်းငေါ့၊ မိုင်းလုံမြို့၊ မိုးမိတ်၊ ကျောက်မဲ၊ နောင်ချို၊ သီပေါနဲ့ မိုးကုတ်တို့ကို သိမ်းပိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ နောင်ချို၊ သီပေါ၊ ကျောက်မဲစတဲ့မြို့တွေကို စစ်ရေးအရ ပြန်ပေးခဲ့ရပြီး စစ်တပ်နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုပြီးနောက်မှာတော့ မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကိုပါ ပြန်ပေးခဲ့ရပါတယ်။










