ဟန်ဂေရီဝန်ကြီးချုပ် ပေတာမာဂျာဟာ သမ္မတ တိုးမာ့ရှ်ရှူးယော့ခ်နဲ့ ဇွန် ၁ ရက်က တွေ့ဆုံပြီးနောက်မှာ သမ္မတရာထူးကနေ နုတ်မထွက်ဘူးဆိုရင် အစိုးရအဖွဲ့အနေနဲ့ သူ့ကို ရာထူးက ဖယ်ရှားဖို့ ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်မှုတွေ စတင်တော့မယ်လို့ ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် မာဂျာရဲ့ ဗဟိုလက်ယာ လမ်းစဉ်အုပ်စုဝင် တစ်ဇာပါတီဟာ အပြတ်အသတ် အနိုင်ရရှိပြီး ဝန်ကြီးချုပ်ဟောင်း ဗစ်တာအော်ဘန်ကို ရာထူးကနေ ဖယ်ရှားနိုင်ခဲ့တာပါ။
အဲဒီနောက် ပြီးခဲ့တဲ့ ၁၆ နှစ်တာကာလအတွင်း အော်ဘန် ခန့်အပ်ထားခဲ့တဲ့ အဓိက အစိုးရရာထူးကြီးတွေက လူပုဂ္ဂိုလ် အတော်များများကို ဖယ်ရှားပစ်မယ်လို့ ကတိပြုထားခဲ့ပါတယ်။
၂၀၂၄ ခုနှစ် အစောပိုင်းမှာ အော်ဘန်ရဲ့ ဖီဒက်စ်ပါတီ လွှတ်တော်အမတ်တွေ ရွေးကောက် တင်မြှောက်ထားခဲ့တဲ့ သမ္မတ ရှူးယော့ခ်ကို မာဂျာက ရာထူးကဆင်းပေးဖို့ တောင်းဆိုထားတာ ဖြစ်ပြီး သမ္မတဟာ အဓိကကျတဲ့ ကိစ္စရပ်တွေမှာ အမျိုးသားညီညွတ်ရေးကို ကိုယ်စားမပြုနိုင်ဘဲ အော်ဘန်နဲ့ သူ့အစိုးရအဖွဲ့ရဲ့ အကျိုးစီးပွားအတွက်ပဲ လုပ်ဆောင်နေတယ်လို့ စွပ်စွဲထားပါတယ်။ ဒါပေမဲ့ သမ္မတ ရှူးယော့ခ် ကတော့ ရာထူးက နုတ်ထွက်ဖို့ ငြင်းဆန်ထားပါတယ်။
မာဂျာက “ကျနော် သမ္မတကို ပြောထားပြီးပါပြီ။ သူက ဒီအတိုင်းပဲ ဆက်ခေါင်းမာနေပြီး ရာထူးက နုတ်မထွက်ဘူး ဆိုရင်တော့ ကျနော်တို့ရဲ့ ဥပဒေပြုရေးဆိုင်ရာ အဆိုပြုချက်တွေကို တစ်ဇာပါတီက လွှတ်တော်အမတ်တွေကို ဒီနေ့ပဲ အသိပေးသွားမှာဖြစ်ပြီး လိုအပ်တဲ့ လုပ်ထုံးလုပ်နည်းတွေကို ချက်ချင်း စတင်ပါမယ်” လို့ ပြောပါတယ်။
ဥပဒေပြုရေးလုပ်ငန်းစဉ်ဟာ တလလောက်ကြာမှာဖြစ်ပြီး တရားဥပဒေ စိုးမိုးရေးနဲ့ ဒီမိုကရေစီကို ဖြိုခွင်းရာမှာ ပါဝင်ခဲ့တဲ့ ရုပ်သေးရုပ်အားလုံးကို ဖယ်ရှားခြင်း ပါဝင်မယ်လို့ သူက ပြောပါတယ်။
တဖက်မှာလည်း အော်ဘန်ရဲ့ ဖီဒက်စ်ပါတီက မာဂျာကို ဥပဒေနဲ့မညီတဲ့ ရာဇသံ ပေးနေတယ်လို့ စွပ်စွဲထားပြီး သမ္မတ ရှူးယော့ခ်ဟာ ၂၀၂၉ ခုနှစ်အထိ ရှိတဲ့ သူ့ရဲ့ တရားဝင်သက်တမ်းအတိုင်း တာဝန်ထမ်းဆောင်နေတာဖြစ်လို့ ရာထူးကနေ ဖယ်ရှားလို့မရဘူးလို့ တုံ့ပြန်ထားပါတယ်။
ရှူးယော့ခ်ဟာ သမ္မတ မဖြစ်ခင် ၂၀၁၆ ခုနှစ်တုန်းကလည်း ဖီဒက်စ်ပါတီရဲ့ ရွေးချယ်မှုနဲ့ ဟန်ဂေရီ တရားရုံးချုပ် ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။
ဟန်ဂေရီနိုင်ငံမှာ သမ္မတရာထူးဟာ အခမ်းအနား အဆောင်အယောင် သဘောလောက်ပဲ ရှိတာ ဖြစ်ပေမဲ့ သမ္မတ ရှူးယော့ခ် အနေနဲ့ ဥပဒေတွေကို ပြန်လည်သုံးသပ်ဖို့ လွှတ်တော်ထံ ပြန်ပို့နိုင်တာ ဒါမှမဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးထံ လွှဲပြောင်းပေးနိုင်တာကြောင့် မာဂျာရဲ့ ပြုပြင် ပြောင်းလဲရေး အစီအစဉ်တွေကို နှောင့်နှေးအောင် ဒါမှမဟုတ် ပိတ်ဆို့အောင် လုပ်နိုင်တဲ့ အခြေအနေ ရှိနေပါတယ်။
ဝန်ကြီးချုပ် မာဂျာကတော့ သမ္မတ ရှူးယော့ခ်ကို ရာထူးကနေ အဓမ္မဖယ်ရှားဖို့အတွက် သူ့ပါတီက ရရှိထားတဲ့ လွှတ်တော် ၃ ပုံ ၂ ပုံ မဲအများစု အာဏာကို အသုံးပြုပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တခြားဥပဒေတွေကို ပြင်ဆင်သွားမယ်လို့ ပြောကြားထားပါတယ်။
Source: Reuters










