ပြင်သစ်ဥပဒေပြုအမတ်တွေက ကုသလို့မရတဲ့ ရောဂါရှိသူ အရွယ်ရောက်ပြီးသူတွေအတွက် အကူအညီနဲ့ သေဆုံးခွင့်ပြုရေး တရားဝင်အခွင့်အရေးကို ဖန်တီးတဲ့ ဥပဒေကြမ်းတရပ်ကို ဇူလိုင် ၁၅ ရက်မှာ အတည်ပြုခဲ့ပြီး ကျင့်ဝတ်နဲ့ နိုင်ငံရေးဆိုင်ရာ ပြင်းထန်တဲ့ အငြင်းပွားမှုကို အဆုံးသတ်ခဲ့ပါတယ်။
ဒီဥပဒေဟာ တင်းကျပ်တဲ့ အခြေအနေတွေအောက်မှာ တောင်းဆိုသူတယောက်ကို ကိုယ်တိုင်သောက်သုံးခြင်းအားဖြင့် ဒါမှမဟုတ် ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းခဲ့ရင် ဆရာဝန် ဒါမှမဟုတ် သူနာပြုရဲ့ အကူအညီနဲ့ သေစေနိုင်တဲ့ပစ္စည်းကို ရယူခွင့် ပြုပေးမှာ ဖြစ်ပါတယ်။
အမျိုးသားလွှတ်တော်က စာသားကို ထောက်ခံမဲ ၂၉၁ မဲ၊ ကန့်ကွက်မဲ ၂၄၁ မဲနဲ့ အတည်ပြုခဲ့ပါတယ်။ ဒီပြဿနာဟာ ပုဂ္ဂိုလ်ရေးအရ ပြင်းထန်ပြီး အသက်၊ ဒုက္ခ၊ ဂုဏ်သိက္ခာတို့နဲ့ သက်ဆိုင်တဲ့ကိစ္စဖြစ်လို့ နားထောင်ဖို့၊ ဆွေးနွေးဖို့၊ အချိန်ယူဖို့နဲ့ ဆွေးနွေးပွဲတရပ် ကျင်းပဖို့ ဖြစ်နိုင်ခြေရှိတဲ့ ချဉ်းကပ်မှု တခုတည်းသာ ရှိတယ်လို့ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က X လူမှုကွန်ရက်ပေါ်ကနေ ပြောပါတယ်။
အစီအမံကို ဆန့်ကျင်ဆန္ဒပြသူတွေက လွှတ်တော်အပြင်မှာ စုဝေးခဲ့ကြပါတယ်။
တခြားနည်းလမ်းတွေနဲ့ ဖြေရှင်းနိုင်တဲ့ ဝမ်းနည်းစရာ အခြေအနေတွေကို တရားဝင် ပုံမှန်ဖြစ်အောင် ကြိုးပမ်းနေတာကို တွေးမိလို့ အလွန်ဝမ်းနည်းမိပြီး စိုးရိမ်မိတယ်လို့ အသက် ၉၀ အရွယ် ဆန္ဒပြသူ မာရီလော်ရီ ဒီလာ ပါးလ်မီက ပြောပါတယ်။
ပြင်သစ်နိုင်ငံမှာ အကူအညီနဲ့ သေဆုံးခြင်းကို ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံတယ်ဆိုတာ သဘောထားစစ်တမ်းတွေက အဆက်မပြတ် ပြသခဲ့တာပါ။
ဖေဖော်ဝါရီလမှာ ထုတ်ပြန်ခဲ့တဲ့ Ifop စစ်တမ်းမှာ တုံ့ပြန်သူ ၈၄ ရာခိုင်နှုန်းက ဥပဒေကြမ်းကို ထောက်ခံခဲ့ကြပါတယ်။
Source: Reuters










