
ဟန်ဂေရီလွှတ်တော်ဟာ သမ္မတ တောမ်မာ့ရှ် ရှူးယော့ခ်ကို ရာထူးကနေ ဖယ်ရှားဖို့ ဇူလိုင် ၁၃ ရက်မှာ မဲပေးခဲ့ပါတယ်။
သမ္မတ ရှူးယော့ခ်ဟာ ပြီးခဲ့တဲ့ ဧပြီလက ရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားတဲ့ ဝန်ကြီးချုပ်ဟောင်း ဗစ်တာ အော်ဘန်ရဲ့ အတွင်းလူယုံလို့ မှတ်ယူခံရသူ ဖြစ်ပါတယ်။
လက်ရှိဝန်ကြီးချုပ် ပီတာမာဂျာ ဦးဆောင်တဲ့ အာဏာရ တီဇာပါတီက လွှတ်တော်အမတ် ၃ ပုံ ၂ ပုံ အသာစီးရမှုကို အသုံးပြုပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်ကို အတည်ပြုခဲ့တာပါ။
ဒီပြင်ဆင်ချက်ကို သမ္မတ ရှူးယော့ခ်က ၅ ရက်အတွင်း လက်မှတ်ရေးထိုးရမှာဖြစ်ပြီး ငြင်းဆန်ခဲ့ရင်တော့ စွဲချက်တင် ဖြုတ်ချခံရမှာ ဖြစ်ပါတယ်။
အတိုက်အခံဖြစ်သွားတဲ့ အော်ဘန်ရဲ့ ဖီဒက်ဇ်ပါတီ အမတ်တွေကတော့ ဒါဟာ အာဏာရှင်ဆန်တဲ့ လုပ်ရပ်လို့ စွပ်စွဲပြီး မဲမပေးခင် လွှတ်တော်ထဲကနေ ထွက်ခွာသွားခဲ့ပါတယ်။
ဒီဥပဒေပြင်ဆင်ချက်အရ အသက် ၇၀ ကျော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး တရားသူကြီးတွေကိုပါ ရာထူးကနေ ဖယ်ရှားနိုင်မှာပါ။
ဒါ့အပြင် လွှတ်တော်သက်တမ်း ၃ ကြိမ် ထမ်းဆောင်ပြီးတဲ့ အမတ်တွေကို ထပ်မံရွေးကောက်ခံခွင့် ပိတ်ပင်ထားတာကြောင့် လက်ရှိ ဖီဒက်ဇ်ပါတီ အမတ်တဝက်ကျော် ရွေးကောက်ပွဲဝင်ခွင့် ဆုံးရှုံးမှာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ်ဟောင်း အော်ဘန်ဟာ အစိုးရသက်တမ်း ၁၆ နှစ်ကြာ အုပ်ချုပ်ခဲ့ပြီးနောက် ရွေးကောက်ပွဲမှာ မထင်မှတ်ဘဲ ရှုံးနိမ့်သွားတဲ့အတွက် သူ့ရဲ့ပါတီမှာလည်း အကွဲအပြဲတွေ ဖြစ်ပေါ်နေပါတယ်။
အော်ဘန် ကိုယ်တိုင်လည်း လူမြင်ကွင်းမှာ သိပ်မတွေ့ရတော့သလို လွှတ်တော်ကိုယ်စားလှယ်နေရာ ရယူဖို့ကိုလည်း ငြင်းဆန်ထားပါတယ်။
ဇူလိုင် ၁၃ ရက်နေ့မှာတော့ အမေရိကန်နိုင်ငံမှာ ကျင်းပမဲ့ ကမ္ဘာ့ဖလား ဘောလုံးဗိုလ်လုပွဲ သွားရောက်ကြည့်ရှုဖို့ အော်ဘန်ဟာ ဟန်ဂေရီနိုင်ငံကနေ ထွက်ခွာသွားတယ်လို့ သိရပါတယ်။










