
ဇူလိုင်လမှာ ကောက်နှံ၊ သကြားနဲ့ ဟင်းသီးဟင်းရွက်ဆီ တွေရဲ့ ဈေးနှုန်းတွေ မြင့်တက်လာလို့ ကမ္ဘာ့စားနပ်ရိက္ခာ ကုန်စည်ဈေးနှုန်းတွေ မြင့်တက်လာခဲ့တယ်လို့ ကုလသမဂ္ဂစားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO)က ဩဂုတ် ၇ ရက်က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ပြောပါတယ်။
FAO စားနပ်ရိက္ခာဈေးနှုန်းညွှန်းကိန်းက ဇူလိုင်လမှာ ပျမ်းမျှ ၁၃၁ ဒသမ ၁ မှတ်ရှိပြီး ဇွန်လထက် ၀ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်လာပါတယ်။
မနှစ်ကထက် ၁ ဒသမ ၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၂ ခုနှစ် မတ်လမှာ ရောက်ခဲ့တဲ့ စံချိန်တင်အမြင့်ဆုံးထက် ၁၈ ဒသမ ၂ ရာခိုင်နှုန်း လျော့နည်းနေဆဲပါ။
ကောက်နှံဈေးနှုန်းညွှန်းကိန်းက လအလိုက် ၃ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ FAO က ပြောပါတယ်။
ပင်လယ်နက်တင်ပို့မှု အနှောင့်အယှက်တွေ၊ အဓိကထုတ်လုပ်တဲ့ ဒေသတွေကို ထိခိုက်စေတဲ့ အပူလှိုင်းတွေကြောင့် ဂျုံဈေးနှုန်းက ၅ ဒသမ ၈ရာခိုင်နှုန်း မြင့်တက်လာခဲ့ပါတယ်။
အမေရိကန်ပြောင်းဖူးခါးပတ်ဒေသမှာ ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုနဲ့ စွမ်းအင်ဈေးကွက်တွေ အားပိုကောင်းလာတာကြောင့် ပြောင်းဖူးဈေးနှုန်းက ၃ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပါတယ်။
ဆန်ဈေးနှုန်းကတော့ ယေဘုယျအားဖြင့် တည်ငြိမ်နေခဲ့တာပါ။ ဟင်းသီးဟင်းရွက်ဆီ ဈေးနှုန်းညွှန်းကိန်းက ၂၀၂၂ ခုနှစ် ဇွန်လကစပြီး အမြင့်ဆုံးအဆင့်ထိ ၂ ဒသမ ၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပါတယ်။
အင်ဒိုနီးရှားတွင် ဇီဝဒီဇယ် ဝယ်လိုအား မြင့်မားလာပြီး ရေနံစိမ်းဈေးနှုန်းတွေ မြင့်မားလာခြင်းတို့ကြောင့် စားအုန်းဆီဈေးနှုန်းတွေ ပိုတက်လာတဲ့အပြင် ပဲပုပ်ဆီဈေးနှုန်းတွေ ပိုခိုင်မာလာတယ်လို့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
ဥရောပမှာ ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတု၊ အဓိကထုတ်လုပ်တဲ့ အာရှနိုင်ငံတွေမှာ ရာသီဥတုဆိုးရွားမှု အန္တရာယ်တွေအပြင် ဘရာဇီးမှာ အီသနော ရောစပ်မှုလိုအပ်ချက် မြင့်မားလာလို့ ကြံကနေ အီသနောထုတ်လုပ်မှု ပိုများလာမဲ့ မျှော်လင့်ချက်တွေအပေါ် စိုးရိမ်စိတ်တွေကို ထင်ဟပ်ပြီး သကြားဈေးနှုန်းက ဇွန်လထက် ၅ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
တချိန်တည်းမှာ အသားနဲ့ နို့ထွက်ပစ္စည်းဈေးနှုန်းညွှန်းကိန်းတွေ ၂ ဒသမ ၈ ရာခိုင်နှုန်းနဲ့ ၀ ဒသမ ၇ ရာခိုင်နှုန်း အသီးသီးကျဆင်းသွားတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ကမ္ဘာ့အစားအစာဈေးနှုန်းတွေဟာ ၂၀၂၂ ခုနှစ်မှာ မှတ်တမ်းတင်ထားတဲ့ အမြင့်ဆုံးအဆင့်ထက် အများကြီး နိမ့်ကျနေဆဲ ဆိုပေမဲ့ ပထဝီနိုင်ငံရေးတင်းမာမှုတွေနဲ့ ပြင်းထန်တဲ့ ရာသီဥတုက စိုက်ပျိုးရေး ကုန်စည်တချို့ရဲ့ ဈေးနှုန်းတွေအပေါ် ဆက်ပြီးအားပေးနေဆဲဖြစ်တယ်လို့ FAO က ပြောခဲ့ပါတယ်။
Source: Reuters










