
စပိန်နိုင်ငံ၊ ဗလင်စီယာမြို့က ရေးနာဆိုဖီယာ အနုပညာနန်းတော် အဆောက်အအုံရှေ့မှာ အဆုံးသတ်ခဲ့တဲ့ အောက်တိုဘာလ ၃ ရက်က ချီတက်ဆန္ဒပြပွဲအပြီးမှာ ဆန္ဒပြသူတချို့က ရဲတပ်ဖွဲ့ဝင်တွေကို ခြံစည်းရိုးတန်းတွေနဲ့ ပစ်ပေါက်ခဲ့ရာက နှိမ်နင်းရေးရဲတပ်ဖွဲ့က ဆန္ဒပြသူတွေကို ဝင်ရောက်ဖြိုခွင်းခဲ့ပါတယ်။
ဆန္ဒပြသူတွေက ရဲတပ်ဖွဲ့ရဲ့ တားဆီးပိတ်ဆို့ထားမှုကို ဖောက်ထွင်းကျော်ဖြတ်ပြီး အဆောက်အအုံအတွင်းပိုင်းဆီ ရောက်လာခဲ့တာပါ။
အဲဒီအချိန်မှာ နှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်တွေကို ဆဲရေးတိုင်းထွာခဲ့လို့ အခြေအနေ တင်းမာခဲ့ပါတယ်။ စပိန်နိုင်ငံတဝန်း ဆက်စပ်ဆန္ဒပြပွဲတွေ ဖြစ်ခဲ့ပြီး မက်ဒရစ်မြို့တော်မှာ လူထောင်ပေါင်းများစွာက သပိတ်မှောက်ဆန္ဒပြပွဲလုပ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဒီဆန္ဒပြပွဲတွေက အားနည်းချက်ရှိတဲ့ အိမ်ငှားတွေကို အိမ်ကနေနှင်ထုတ်တာကို တားမြစ်မဲ့ အဆိုပြုချက်အပါအဝင် အစိုးရရဲ့ အိမ်ရာဆိုင်ရာ အစီအမံတွေကို စပိန်လွှတ်တော်က ပယ်ချပြီးတဲ့ နောက် တရက်အကြာမှာ ဖြစ်ခဲ့တာပါ။
အိမ်ရာအထောက်အပံ့နည်းသွားရင် အခြေအနေ ပိုဆိုးလိမ့်မယ်လို့ အကြောင်းပြရင်း အတိုက်အခံတွေနဲ့ ပေါင်းပြီး မဲခွဲပယ်ချခဲ့တဲ့ ကတ်တလန်ခွဲထွက်ရေးပါတီ Junts လွှတ်တော်အမတ်တွေကြောင့် ဥပဒေကြမ်းကတော့ အတည်မဖြစ်ခဲ့ပါဘူး။
ဒီဥပဒေကြမ်းမှာ ၂၀၃၀ ပြည့်နှစ်အထိ အားနည်းချက်ရှိတဲ့ အိမ်ငှားတွေကို အိမ်ကနေ နှင်ထုတ်ခြင်းကိုတားဖို့၊ လက်ရှိငှားရမ်းမှုစာချုပ်တွေအတွက် အိမ်လခမတိုးဘဲ ထိန်းချုပ်ထားတဲ့ ကာလကို နောက်ထပ် ၂ နှစ်တိုးဖို့နဲ့ ရေတိုအိမ်ငှားရမ်းမှုတွေအတွက် ပိုတင်းကျပ်တဲ့ စည်းမျဉ်း တွေချဖို့ ရည်ရွယ်ထားခဲ့ပါတယ်။
မက်ဒရစ်မြို့ခံ အသက် ၈၇ နှစ်အရွယ် မာရီကာမန် အာဘာစကယ်ကို အိမ်ကနေ အတင်းအကျပ် နှင်ထုတ်ခဲ့မှုကြောင့် စခဲ့တဲ့ စပိန်နိုင်ငံရဲ့ အိမ်ရာပြဿနာဆိုင်ရာ ဆန္ဒပြပွဲတွေဟာ ပြီးခဲ့တဲ့တပတ်အတွင်း နိုင်ငံတဝန်း ပျံ့နှံ့ခဲ့ပါတယ်။
Source: Reuters










