
သီရိလင်္ကာနိုင်ငံမှာ လူနဲ့ ဆင် ပဋိပက္ခတွေကြောင့် ၂၀၁၉ ခုနှစ်ကစလို့ နှစ်စဉ် ပျမ်းမျှ လူ ၁၃၈ ယောက်နဲ့ ဆင် ၄၀၂ ကောင် သေဆုံးနေပါတယ်။
စိုက်ပျိုးရေးအတွက် သစ်တောတွေ ရှင်းလင်းတာကြောင့် နေရင်းဒေသ ကျဉ်းလာတဲ့ ဆင်တွေဟာ အစာရှာဖို့ ကျေးရွာတွေကို ဝင်လာနေပါတယ်။
သစ်တောဖုံးလွှမ်းမှုဟာ ၁၉၂၀ ပြည့်လွန်နှစ်တွေက ၇၀ ရာခိုင်နှုန်းလောက်ရှိခဲ့ရာက အခု ၃၄ ရာခိုင်နှုန်းလောက်အထိ ကျဆင်းလာပါတယ်။
နောက်ဆုံး စာရင်းကောက်ယူမှုအရ တောဆင် ၇,၄၅၁ ကောင်ခန့်ရှိပြီး လွန်ခဲ့တဲ့ ၁၀ နှစ်ထက် ၂၇ ရာခိုင်နှုန်း ပိုများလာပါတယ်။ အဲဒီဆင်တွေရဲ့ ၇၀ ရာခိုင်နှုန်းအထိဟာ ကာကွယ်ထိန်းသိမ်းထားတဲ့ နယ်မြေတွေ အပြင်ဘက်မှာ နေထိုင်နေကြပါတယ်။
တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးဝန်ထမ်း ဒေဝဂီရီ မူဒီယန်ဆီလာဂေ သီလကာရတ်န ဘန်ဒါရာတို့ ဇနီးမောင်နှံလည်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှာ ဆင်တိုက်ခိုက်ခံခဲ့ရပါတယ်။
အိမ်နောက်ဖေးကို သရက်သီးစားဖို့ ဝင်လာတဲ့ဆင်က တိုက်ခိုက်လို့ ဘန်ဒါရာရဲ့ ခြေထောက်ကျိုးပြီး ပခုံးအဆစ် လွဲခဲ့ပါတယ်။ သူ့ကိုကူညီဖို့ ပြေးလာတဲ့ ဇနီးဖြစ်သူလည်း ဆင်နင်းခံရပြီး ညာဘက်ခြေထောက် ဖြတ်ခဲ့ရပါတယ်။
“ကျနော် အဲဒီဆင်ကို မမုန်းပါဘူး” လို့ ဘန်ဒါရာက ပြောပါတယ်။
သစ်တောရှင်းလင်းမှုတွေ ရပ်တန့်ပြီး သစ်တောပြန်စိုက်ရေးလုပ်ငန်းတွေ ပိုကောင်းလာဖို့ သူက လိုလားနေပါတယ်။











