
မြေရှားဆိုတာ ဘာလဲ၊ ဘာကြောင့် ကမ္ဘာက အလုအယက်လိုချင်လာတာလဲ
ယနေ့ကမ္ဘာ့စီးပွားရေးနှင့် နိုင်ငံရေးကို ပြောင်းလဲနေသည့် အရေးကြီးသော သယံဇာတများထဲတွင် မြေရှားသတ္တုများသည် အချိန်နှင့်အမျှ ပိုမိုအရေးပါလာနေသည်။ “Rare Earth Elements” ဟုခေါ်သည့် မြေရှားသတ္တုများသည် သတ္တုတမျိုးတည်းကို ဆိုလိုခြင်းမဟုတ်ဘဲ ဓာတုဒြပ်စင် ၁၇ မျိုးပါဝင်သည့် အုပ်စုတခုဖြစ်သည်။ အထူးသဖြင့် Neodymium (Nd), Praseodymium (Pr), Dysprosium (Dy) နှင့် Terbium (Tb) ကဲ့သို့သော မြေရှားဒြပ်စင်များသည် အားကောင်းသော အမြဲတမ်းသံလိုက်များ ထုတ်လုပ်ရာတွင် အရေးပါပြီး EV လျှပ်စစ်ကားများ၏ မော်တာများ၊ လေအားလျှပ်စစ်တာဘိုင်များ၊ စမတ်ဖုန်းများ၊ ကွန်ပျူတာနှင့် အီလက်ထရွန်နစ်ပစ္စည်းများ၊ စက်မှုသုံးစက်များနှင့် စစ်ဘက်ဆိုင်ရာ နည်းပညာများအထိ အသုံးပြုကြသည်။
ထို့ကြောင့် ကမ္ဘာကြီးသည် ကျောက်မီးသွေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့အပေါ် မှီခိုမှုကို လျှော့ချပြီး လျှပ်စစ်ကားများ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် အဆင့်မြင့်နည်းပညာများဘက်သို့ ရွေ့လျားလာသည်နှင့်အမျှ မြေရှားသည် စွမ်းအင်အကူးအပြောင်း၏ နောက်ကွယ်တွင် မမြင်ရသော်လည်း အလွန်အရေးကြီးသော အရင်းအမြစ်တခု ဖြစ်လာခဲ့သည်။ ထိုအခြေအနေတွင် မြေရှားသတ္တုများ၏ တန်ဖိုးသည် သတ္တုတွင်းထဲတွင်ရှိသည့် သတ္တု၏ တန်ဖိုးတခုတည်း မဟုတ်တော့ဘဲ နိုင်ငံတနိုင်ငံ၏ စက်မှုလုပ်ငန်း၊ နည်းပညာ၊ စွမ်းအင်လုံခြုံရေးနှင့် နိုင်ငံရေးအင်အားတို့နှင့်ပါ ဆက်စပ်လာသည်။
မြန်မာနိုင်ငံ၏ မြေရှားကဏ္ဍနှင့် ကမ္ဘာ့ထုတ်လုပ်မှုအတွင်းက ကွင်းဆက်
မြန်မာနိုင်ငံသည် ကမ္ဘာ့မြေရှားထောက်ပံ့ရေးကွင်းဆက်တွင် ထင်ထားသည်ထက် ပိုမိုအရေးပါသော နေရာတခုကို ရရှိထားသည်။ အမေရိကန် အခြေစိုက် Geological Survey (USGS) ၏ အချက်အလက်များအရ မြန်မာနိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် ကမ္ဘာ့မြေရှားထုတ်လုပ်မှု၏ ၇ ဒသမ ၁ ရာခိုင်နှုန်းခန့်ကို ထုတ်လုပ်ခဲ့ပြီး ကမ္ဘာပေါ်တွင် စတုတ္ထအကြီးဆုံး ထုတ်လုပ်သူအဖြစ် ရပ်တည်ခဲ့သည်။ ထိုနှစ်တွင် မြန်မာနိုင်ငံမှ Rare Earth Oxide (REO) equivalent အနေဖြင့် တန်ချိန် ၂၇,၀၀၀ ခန့်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့သည်ဟု USGS က ဖော်ပြထားသည်။ Global Witness ၏ လေ့လာချက်အရလည်း တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှ Heavy Rare Earth Oxides တင်သွင်းမှုကို ၂၀၂၁ ခုနှစ်တွင် တန်ချိန် ၁၉,၅၀၀ ခန့်ရှိရာမှ ၂၀၂၃ ခုနှစ်တွင် တန်ချိန် ၄၁,၇၀၀ ခန့်အထိ တိုးမြှင့်ခဲ့ပြီး ထိုနှစ်အတွင်း ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံခန့် ရှိခဲ့သည်။ ထို့ကြောင့် မြန်မာ့မြေရှားကဏ္ဍကို ပြည်တွင်းသတ္တုတူးဖော်ရေးကဏ္ဍတခုအဖြစ်သာ ကြည့်၍မရတော့ဘဲ တရုတ်နိုင်ငံ၏ စက်မှုလုပ်ငန်းများနှင့် ကမ္ဘာ့နည်းပညာဈေးကွက်တို့ကို ဆက်သွယ်ပေးနေသည့် အရေးကြီးသော နယ်စပ်ဖြတ်ကျော် ထောက်ပံ့ရေးကွင်းဆက်တခုအဖြစ် မြင်ရမည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ မြေရှားထုတ်လုပ်မှုကို ကြည့်မည်ဆိုလျှင် ကချင်ပြည်နယ်သည် အထူးအရေးကြီးသည့်နေရာ ဖြစ်သည်။ အထူးသဖြင့် တရုတ်နိုင်ငံနှင့် နယ်စပ်ချင်းထိစပ်နေသော မြောက်ပိုင်းကချင်ဒေသများတွင် မြေရှားတူးဖော်ရေးလုပ်ငန်းများ လျင်မြန်စွာ တိုးချဲ့လာခဲ့သည်။ ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် စစ်ရေးနှင့် နိုင်ငံရေးအခြေအနေများ ပြောင်းလဲသွားခြင်း၊ အစိုးရ၏ သတ္တုတူးဖော်ရေးစောင့်ကြည့်ထိန်းချုပ်နိုင်စွမ်း ကျဆင်းလာခြင်း၊ နယ်မြေတခုချင်းစီကို မတူညီသည့် လက်နက်ကိုင်အဖွဲ့များက ထိန်းချုပ်ထားခြင်းနှင့် တရုတ်ဘက်မှ မြေရှားဝယ်လိုအား မြင့်တက်လာခြင်းတို့ ပေါင်းစပ်သွားခဲ့သည်။
Lancet Regional Health – Southeast Asia ၏ ၂၀၂၆ ခုနှစ် လေ့လာချက်အရ မြန်မာနိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် မြေရှား REO equivalent တန်ချိန် ၂၂,၀၀၀ ခန့် ထုတ်လုပ်ခဲ့ပြီး ၂၀၁၇ မှ ၂၀၂၄ ခုနှစ်အတွင်း တရုတ်နိုင်ငံသို့ တန်ချိန် ၂၉၀,၀၀၀ ကျော် တင်ပို့ခဲ့ကာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၄ ဒသမ ၂ ဘီလီယံကျော် ရှိခဲ့သည်။ ထိုတန်ဖိုး၏ ၈၅ ရာခိုင်နှုန်းနီးပါးသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်းကာလတွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး ကချင်ပြည်နယ်တဝန်းတွင် မြေရှားတူးဖော်ရေးနေရာ ၄၀၀ နီးပါးအထိ တိုးပွားလာခဲ့သည်ဟု ဖော်ပြထားသည်။
ကချင်ပြည်နယ်မှ တရုတ်နိုင်ငံအထိ မြေရှား၏ ထောက်ပံ့ရေးကွင်းဆက်
မြန်မာ့မြေရှား၏ အရေးပါမှုကို နားလည်ရန် သတ္တုတွင်းတခုအတွင်း ဖြစ်ပေါ်နေသည့် လုပ်ငန်းစဉ်ထက် ပိုမိုကျယ်ပြန့်သည့် Supply Chain ထောက်ပံ့ရေးကွင်းဆက် တခုလုံးကို ကြည့်ရန်လိုသည်။ မြန်မာနိုင်ငံရှိ သတ္တုတူးဖော်ရေးဒေသများမှ ထွက်လာသည့် မြေရှားသတ္တု ပါဝင်သော မြေသားနှင့် သတ္တုရိုင်းများသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ဘက်သို့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်သွားကြသည်။ ထို့နောက် တရုတ်နိုင်ငံတွင် သတ္တုရိုင်းများကို ပြုပြင်ခြင်း၊ ဓာတုဗေဒနည်းလမ်းများဖြင့် ခွဲထုတ်ခြင်း၊ သန့်စင်ခြင်း၊ Alloy ပြုလုပ်ခြင်းနှင့် နောက်ဆုံးတွင် Permanent Magnet များ ထုတ်လုပ်ခြင်းအထိ ဆက်လက်လုပ်ဆောင်ကြသည်။ ထို Magnet များသည် လျှပ်စစ်ကားမော်တာများ၊ လေအားလျှပ်စစ်တာဘိုင်များနှင့် အခြားအဆင့်မြင့် စက်မှုထုတ်ကုန်များထဲသို့ ဝင်ရောက်သွားပြီး ထိုထုတ်ကုန်များသည် အမေရိကန်၊ ဥရောပ၊ ဂျပန်၊ ကိုရီးယားနှင့် အခြားကမ္ဘာ့ဈေးကွက်များသို့ ရောက်ရှိသွားကြသည်။ ထို့ကြောင့် မြန်မာနိုင်ငံမှ မြေရှားတူးဖော်သည့်နေရာတခုနှင့် ဥရောပတွင် လျှပ်စစ်ကားတစီး ထုတ်လုပ်သည့် စက်ရုံတရုံတို့သည် ပထဝီအနေအထားအရ ဝေးကွာနေသော်လည်း တူညီသည့် ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်တခုအတွင်း ဆက်စပ်နေကြသည်။
ဤနေရာတွင် မြန်မာနိုင်ငံ၏ အားနည်းချက်တခုကိုလည်း တွေ့နိုင်သည်။ မြန်မာနိုင်ငံသည် အရေးပါသည့် Raw Material ကို ထုတ်လုပ်ပေးနေသော်လည်း တန်ဖိုးမြင့်သည့် Processing နှင့် Refining အဆင့်များကို ပြည်တွင်းတွင် အပြည့်အဝ မပိုင်ဆိုင်နိုင်သေးသည့် အခြေအနေတွင်ရှိသည်။ မြေရှား၏ အမှန်တကယ် မဟာဗျူဟာတန်ဖိုးသည် မြေထဲမှ တူးထုတ်လိုက်သည့် အဆင့်တွင်သာ မတည်ရှိဘဲ သတ္တုဒြပ်စင်တခုချင်းစီကို ခွဲထုတ်ခြင်း၊ သန့်စင်ခြင်းနှင့် အထူးသဖြင့် အားကောင်းသည့် သံလိုက်များ ထုတ်လုပ်ခြင်းကဲ့သို့သော နောက်ပိုင်းအဆင့်များတွင် ပိုမိုတည်ရှိနေသည်။
International Energy Agency ၏ အချက်အလက်များအရ ၂၀၂၄ ခုနှစ်တွင် တရုတ်နိုင်ငံသည် Magnet Rare Earth များ၏ ကမ္ဘာ့တူးဖော်ထုတ်လုပ်မှု ၆၀ ရာခိုင်နှုန်းခန့်၊ Refining Output ၉၁ ရာခိုင်နှုန်းခန့်နှင့် Sintered Permanent Magnet ထုတ်လုပ်မှု ၉၄ ရာခိုင်နှုန်းခန့်ကို ထိန်းချုပ်ထားခဲ့သည်။ ထိုအချက်သည် မြေရှားဈေးကွက်တွင် “ဘယ်သူက သတ္တုတွင်းပိုင်သလဲ” ဆိုသည့် မေးခွန်းထက် “ဘယ်သူက သတ္တုကို ခွဲထုတ်၊ သန့်စင်ပြီး တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် ပြောင်းလဲနိုင်သလဲ” ဆိုသည့် မေးခွန်းက ပိုအရေးကြီးလာကြောင်း ပြသနေသည်။
မြေရှားနောက်ကွယ်က ပဋိပက္ခနှင့် လက်နက်ကိုင်အဖွဲ့များ၏ အခန်းကဏ္ဍ
မြန်မာ့မြေရှားကဏ္ဍ၏ အထူးခြားဆုံးအချက်မှာ သတ္တုတူးဖော်ရေးသည် နိုင်ငံရေးနှင့် စစ်ရေးအခြေအနေများမှ ခွဲထုတ်၍မရခြင်း ဖြစ်သည်။ ကချင်ပြည်နယ်ရှိ မြေရှားတူးဖော်ရေး ဒေသများသည် မြန်မာစစ်တပ်၊ စစ်တပ်နှင့် ဆက်နွှယ်သည့် လက်နက်ကိုင်အဖွဲ့များနှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့အကြား နယ်မြေထိန်းချုပ်မှု၊ အခွန်ကောက်ခံမှု၊ လမ်းကြောင်းထိန်းချုပ်မှုနှင့် သယံဇာတအကျိုးအမြတ်တို့နှင့် တိုက်ရိုက်ဆက်စပ်နေသည်။ ၂၀၂၄ ခုနှစ်နှောင်းပိုင်းတွင် KIA သည် ယခင်က မြန်မာစစ်တပ်နှင့် ဆက်နွှယ်သည့် Border Guard Force များနှင့် အခြားဒေသခံအာဏာပိုင်အဖွဲ့များ ထိန်းချုပ်ခဲ့သည့် မြေရှားတူးဖော်ရေးဒေသအချို့ကို ပြန်လည်သိမ်းယူနိုင်ခဲ့ပြီးနောက် မြေရှားကုန်သွယ်မှုသည် အချိန်တိုအတွင်း ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့သည်။ တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံမှ မြေရှားတင်သွင်းမှုသည် ၂၀၂၅ ခုနှစ်အစပိုင်းတွင် သိသိသာသာ ကျဆင်းခဲ့ပြီး နောက်ပိုင်းတွင် ပြန်လည်မြင့်တက်လာခဲ့သည်။ ဤဖြစ်ရပ်သည် မြေရှားကုန်သွယ်ရေးသည် စီးပွားရေးကိစ္စတခုတည်းမဟုတ်ဘဲ မြေပြင်ပေါ်တွင် မည်သူက နယ်မြေကို ထိန်းချုပ်ထားသလဲဆိုသည့် စစ်ရေးနိုင်ငံရေးမေးခွန်းနှင့် တိုက်ရိုက်ဆက်စပ်နေကြောင်း ပြသခဲ့သည်။
ထိုအခြေအနေသည် မြောက်ပိုင်းကချင်ဒေသမှ အရှေ့ပိုင်းရှမ်းပြည်နယ်အထိ တဖြည်းဖြည်း ပြောင်းလဲလာသည်။ အထူးသဖြင့် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) နှင့် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (NDAA) တို့ ထိန်းချုပ်သည့် အရှေ့ပိုင်းရှမ်းဒေသများတွင် မြေရှားတူးဖော်ရေးလုပ်ငန်းများ ပိုမိုတိုးပွားလာခဲ့သည်။
၂၀၂၅ ခုနှစ်တွင် ရိုက်တာသတင်းဌာန၏ သတင်းဖော်ပြချက်အရ တရုတ်နိုင်ငံနှင့် ရှည်လျားသည့် ဆက်ဆံရေးရှိသည့် UWSA ၏ ကာကွယ်ပေးမှုအောက်တွင် အရှေ့ပိုင်းမြန်မာနိုင်ငံရှိ မြေရှားတူးဖော်ရေးလုပ်ငန်းအသစ်များ တိုးပွားလာပြီး တရုတ်နှင့် ဆက်နွှယ်သည့် လူပုဂ္ဂိုလ်များနှင့် ကုမ္ပဏီများ၏ ပါဝင်ပတ်သက်မှုများကိုလည်း တွေ့ရှိရသည်။ ဂြိုဟ်တု ဓာတ်ပုံ များတွင်လည်း ဓာတုရည်အသုံးပြုသည့် Leaching pools များကို တွေ့ရှိခဲ့သည်ဟု ရိုက်တာက ဖော်ပြခဲ့သည်။ ထိုအချက်များကြောင့် မြေရှားသတ္တုတူးဖော်ရေးကို လက်နက်ကိုင် အဖွဲ့တဖွဲ့တည်း၏ လုပ်ငန်းအဖြစ် သတ်မှတ်၍မရဘဲ နယ်မြေထိန်းချုပ်သူများ၊ ဒေသခံ ကွန်ရက်များ၊ တရုတ်ကုမ္ပဏီများနှင့် နယ်စပ်ကုန်သွယ်ရေးတို့ အပြန်အလှန်ဆက်စပ်နေသည့် စီးပွားရေး နိုင်ငံရေး ကွန်ရက်တခုအဖြစ် နားလည်ရန်လိုသည်။
ကချင်မှသည် ရှမ်းပြည်နယ်အထိ ချဲ့ထွင်လာသော သတ္တုတူးဖော်ရေး
မြေရှားတူးဖော်ရေးသည် ကချင်ပြည်နယ်တွင်သာ ရပ်တန့်မနေတော့ဘဲ ရှမ်းပြည်နယ်အတွင်းရှိ လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်သည့် ဒေသများသို့လည်း တိုးချဲ့လာနေသည်။ Shan Herald Agency for News ၏ ၂၀၂၆ ခုနှစ် သတင်းဖော်ပြချက်အရ ရှမ်းပြည်နယ်အတွင်း တက်ကြွနေသည့် မြေရှားသတ္တုတူးဖော်ရေးနေရာ အနည်းဆုံး ၈၆ ခုကို တွေ့ရှိထားပြီး ၎င်းတို့အနက် မိုင်းပေါက် ဒေသတွင် ၃၉ ခု၊ မိုင်းယွန်း ဒေသတွင် ၃၃ ခု၊ မြောက်ပိုင်းရှမ်းပြည်နယ် မိုင်းတုံ ဒေသတွင် ၁၂ ခုနှင့် မိုင်းဆတ်ဒေသတွင် ၂ ခု ပါဝင်သည်။ အဆိုပါ နယ်စပ်ဒေသများမှ ထွက်ရှိသည့် မြေရှားအများစုသည် တရုတ်နိုင်ငံသို့ တိုက်ရိုက်တင်ပို့သွားသည်ဟု ဖော်ပြထားသည်။
ထို့အပြင် Institute for Strategy and Policy – Myanmar ၏ အချက်အလက်များအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီမှ စက်တင်ဘာအထိ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ မြေရှားတင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၆၂၄ သန်းကျော်နှင့် တန်ချိန် ၂၈,၀၀၀ ကျော်ရှိခဲ့သည်။ ထိုကာလအတွင်း တရုတ်နိုင်ငံ၏ မြေရှားတင်သွင်းမှုတွင် မြန်မာနိုင်ငံက ၅၃ ရာခိုင်နှုန်းကျော် ပါဝင်ခဲ့သည်ဟု ISP က ဖော်ပြထားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းတုံဒေသတွင်လည်း မြေရှားတူးဖော်ရေးအသစ်များ တိုးပွားလာနေသည်။ Stimson Center ၏ ၂၀၂၆ ခုနှစ် လေ့လာချက်တွင် TNLA ထိန်းချုပ်သည့် ဒေသများအတွင်း အနည်းဆုံး သတ္တုတွင်း ၁၂ ခုနှင့် တရုတ်နိုင်ငံနယ်စပ်ဘက်သို့ ဆက်သွယ်သွားသည့် လမ်းကြောင်းများကို ဂြိုဟ်တုပုံရိပ်များဖြင့် ဖော်ထုတ်ထားသည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှ စတင်၍ စုဆောင်းရေးရေကန်များကဲ့သို့သော လက္ခဏာများကို တွေ့ရှိခဲ့ပြီး မြေရှား Leaching လုပ်ငန်းစဉ်သည် ပုံမှန်အားဖြင့် ရက်ပေါင်း ၁၅၀ မှ ၄၀၀ ခန့်အထိ ကြာနိုင်သဖြင့် အဆိုပါသတ္တုတွင်းများမှ ထွက်ရှိသည့် သတ္တုများသည် တရုတ်ဈေးကွက်သို့ ရောက်ရှိနေပြီးဖြစ်နိုင်ကြောင်း လေ့လာချက်က သုံးသပ်ထားသည်။ ဤအခြေအနေသည် မြေရှားတူးဖော်ရေး၏ ပထဝီဝင်နယ်ပယ်သည် မြောက်ပိုင်းကချင်မှ ရှမ်းပြည်နယ်အတွင်းသို့ ရွေ့လျားလာနေပြီး မြန်မာနိုင်ငံ၏ အရှေ့မြောက်ပိုင်းနယ်စပ်ဒေသတလျှောက်တွင် သယံဇာတနှင့် နယ်မြေအုပ်ချုပ်ရေးတို့၏ ဆက်စပ်မှု ပိုမိုနက်ရှိုင်းလာနေကြောင်း ပြသနေသည်။
တရုတ်နိုင်ငံ၏ ကုန်ချောထုတ်လုပ်ရေး နှင့် ကမ္ဘာ့ဈေးကွက်၏ အားနည်းချက်
မြန်မာ့မြေရှားကို နားလည်ရာတွင် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍသည် အထူးအရေးကြီးသည်။ တရုတ်နိုင်ငံသည် မြေရှားကို အများဆုံးတူးဖော်ထုတ်လုပ်နိုင်သည့် နိုင်ငံဖြစ်ရုံသာမက Processing, Separation, Refining နှင့် Magnet manufacturing အဆင့်များတွင်ပါ ကမ္ဘာ့အကြီးဆုံးစက်မှုအခြေခံကို တည်ဆောက်ထားနိုင်သည်။ ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံ၏ Rare Earth refining အခန်းကဏ္ဍသည် ကမ္ဘာ့ထုတ်လုပ်မှု၏ ၉၀ ရာခိုင်နှုန်းခန့်အထိ ရှိခဲ့သော်လည်း ၂၀၂၅ ခုနှစ်တွင် ၈၅ ရာခိုင်နှုန်းခန့်အထိ ကျဆင်းလာခဲ့ကြောင်း ရိုက်တာက ၂၀၂၆ ခုနှစ် စက်တင်ဘာလတွင် ဖော်ပြခဲ့သည်။ သို့သော် ရာခိုင်နှုန်းကျဆင်းလာခြင်းသည် တရုတ်နိုင်ငံ၏ အာဏာလျော့နည်းသွားပြီဟု ဆိုလိုခြင်းမဟုတ်ဘဲ ကမ္ဘာ့ဈေးကွက်တွင် အခြားနိုင်ငံများက Refining capacity အသစ်များ တည်ဆောက်ရန် ကြိုးပမ်းလာခြင်းကို ပိုမိုပြသခြင်းဖြစ်သည်။ IEA ကလည်း စီမံကိန်းအသစ်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ပါက ၂၀၃၅ ခုနှစ်တွင် တရုတ်၏ Refining share သည် ၇၀–၇၃ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်မည်ဟု ခန့်မှန်းထားသော်လည်း ထိုအချိန်တွင်ပင် ကမ္ဘာ့စျေးကွက်အလွန်အမင်း အာရုံစူးစိုက်နေဆဲ ဖြစ်သော ဈေးကွက်အဖြစ် ဆက်လက်တည်ရှိမည်ဟု သုံးသပ်ထားသည်။
ထိုအချက်ကို တရုတ်နိုင်ငံ၏ Export Controls များက ပိုမိုရှင်းလင်းစွာ ပြသခဲ့သည်။ ၂၀၂၅ ခုနှစ် ဧပြီလတွင် တရုတ်အစိုးရ က Medium နှင့် Heavy Rare Earth ဆိုင်ရာ ဒြပ်စင်များနှင့် ထုတ်ကုန်များအပေါ် ပို့ကုန်ထိန်းချုပ်မှုများ ချမှတ်ခဲ့ပြီး ကမ္ဘာ့စက်မှုလုပ်ငန်းများအတွက် ရှားပါးသတ္တုရရှိနိုင်မှုနှင့် ပတ်သက်၍ စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။ ထိုနှစ် အောက်တိုဘာလတွင် ထပ်မံတိုးချဲ့ရန် ကြေညာခဲ့သော်လည်း နိုဝင်ဘာလတွင် တနှစ်တာကာလအတွက် ဆိုင်းငံ့ခဲ့သည်။ သို့သော် အဆိုပါဖြစ်ရပ်က မြေရှားထောက်ပံ့ရေး ကွင်းဆက်တွင် မိုင်းတွင်းပိုင်ဆိုင်မှုတခုတည်းထက် Processing နှင့် Refining capacity ကို ထိန်းချုပ်နိုင်ခြင်းက ကမ္ဘာ့စက်မှုလုပ်ငန်းအပေါ် မည်မျှအကျိုးသက်ရောက်နိုင်သည်ကို ပြသခဲ့သည်။ IEA က Export Controls များကို အပြည့်အဝ အကောင်အထည်ဖော်ပါက တရုတ်နိုင်ငံပြင်ပရှိ တနှစ်လျှင် အမေရိကန်ဒေါ်လာ ၆.၅ ထရီလီယံခန့် တန်ဖိုးရှိ Downstream production များအပေါ် အန္တရာယ်သက်ရောက်နိုင်ကြောင်း သုံးသပ်ထားသည်။
အမေရိကန်–တရုတ် မဟာဗျူဟာပြိုင်ဆိုင်မှုနှင့် မြေရှား
ထိုအခြေအနေကြောင့် မြေရှားသည် စီးပွားရေးကုန်ပစ္စည်းတခုထက် ကျော်လွန်ပြီး မဟာဗျူဟာ အရင်းအမြစ်တခု ဖြစ်လာသည်။ အမေရိကန်၊ ဥရောပ၊ ဂျပန်၊ တောင်ကိုရီးယားနှင့် အခြားနိုင်ငံများသည် တရုတ်နိုင်ငံအပေါ် မှီခိုနေရသည့် Critical Minerals Supply Chain ကို လျှော့ချရန် ကြိုးပမ်းလာကြသည်။ အမေရိကန်နှင့် တရုတ်နိုင်ငံအကြား နည်းပညာ၊ EV၊ Semiconductor၊ Battery နှင့် စွမ်းအင်ကူးပြောင်းရေးကဏ္ဍများတွင် ပြိုင်ဆိုင်မှုများ တိုးလာသည့်အခါ မြေရှားသည်လည်း ထိုမဟာဗျူဟာပြိုင်ဆိုင်မှု၏ တစိတ်တပိုင်း ဖြစ်လာခဲ့သည်။ အနာဂတ်တွင် လျှပ်စစ်ကားများနှင့် လေအားလျှပ်စစ်များ တိုးလာလေလေ Permanent Magnet များအတွက် လိုအပ်ချက်တိုးလာနိုင်သဖြင့် မြေရှား၏ မဟာဗျူဟာတန်ဖိုးလည်း ဆက်လက်မြင့်တက်နိုင်သည်။
ဤအခြေအနေတွင် မြန်မာနိုင်ငံသည် ကမ္ဘာ့မြေရှားဈေးကွက်၏ အလယ်ဗဟိုတွင် ရှိနေသော်လည်း ထိုအာဏာကို မည်မျှအထိ ကိုင်တွယ်နိုင်သလဲ ဆိုသည်မှာ အခြားမေးခွန်းတခု ဖြစ်သည်။ မြန်မာနိုင်ငံက ကုန်ကြမ်းကို ပေးနိုင်သော်လည်း တရုတ်နိုင်ငံက Processing, Refining နှင့် Manufacturing စသည့် ကွင်းဆက်များကို ထိန်းချုပ်ထားပါက မြန်မာနိုင်ငံ၏ အကျိုးအမြတ်သည် သတ္တုတူးဖော်ရေးအဆင့်တွင်သာ ကန့်သတ်ခံရနိုင်သည်။ ထိုအခြေအနေသည် “တန်ဖိုးရှိသော သယံဇာတရှိသော်လည်း တန်ဖိုးမြင့်ထုတ်လုပ်မှုကို မပိုင်ဆိုင်နိုင်ခြင်း” ဆိုသည့် ဖွံ့ဖြိုးရေးပြဿနာကို တကျော့ပြန်လည်စေသည်။ မြေရှားသည် မြန်မာနိုင်ငံအတွက် စီးပွားရေးအခွင့်အလမ်း ဖြစ်နိုင်သကဲ့သို့ ပြည်တွင်းထုတ်လုပ်မှုနှင့် တန်ဖိုးမြှင့်စက်မှုလုပ်ငန်းများ မတည်ဆောက်နိုင်ပါက အခြားသူများ၏ စက်မှုလုပ်ငန်းကို အရင်းအမြစ်ပေးသည့် နေရာတခုအဖြစ်သာ ဆက်လက်ရှိနေနိုင်သည်။
အိန္ဒိယ၏ မဟာဗျူဟာအကျိုးစီးပွားနှင့် မြန်မာ့မြေရှား
တရုတ်နိုင်ငံအပေါ် မှီခိုမှုလျှော့ချရန် ကြိုးပမ်းနေသည့် နိုင်ငံများထဲတွင် အိန္ဒိယနိုင်ငံလည်း ပါဝင်လာသည်။ အိန္ဒိယအတွက် မြန်မာနိုင်ငံသည် ပထဝီဝင်အရ နီးစပ်သည့်အပြင် အရှေ့မြောက်ပိုင်း အိန္ဒိယနှင့် ဆက်သွယ်နိုင်သည့်နိုင်ငံ ဖြစ်သောကြောင့် မြေရှားထောက်ပံ့ရေးအတွက် မဟာဗျူဟာအရ စိတ်ဝင်စားဖွယ်ရာ နိုင်ငံတခု ဖြစ်လာသည်။ ၂၀၂၅ ခုနှစ်တွင် ရိုက်တာက အိန္ဒိယအစိုးရနှင့် အိန္ဒိယကုမ္ပဏီများသည် KIA ထိန်းချုပ်သည့် ကချင်ဒေသရှိ မြေရှားသတ္တုနမူနာများကို စမ်းသပ်လေ့လာရန် စိတ်ဝင်စားခဲ့ကြောင်း ဖော်ပြခဲ့ပြီး တရုတ်နိုင်ငံ၏ Export Controls များနောက်ပိုင်းတွင် အခြားအရင်းအမြစ်များ ရှာဖွေရန် အိန္ဒိယ၏ ကြိုးပမ်းမှုကိုလည်း ဖော်ပြခဲ့သည်။ ၂၀၂၆ ခုနှစ်တွင် အိန္ဒိယနှင့် မြန်မာတို့အကြား သတ္တုတူးဖော်ရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးမှုများလည်း ရှိလာခဲ့သည်။ သို့သော် လက်ရှိအချိန်တွင် မြန်မာ့မြေရှား၏ အဓိကဝယ်ယူသူနှင့် ထောက်ပံ့ရေးကွင်းဆက် အဓိကအချက်သည် တရုတ်နိုင်ငံပင်ဖြစ်ပြီး အိန္ဒိယ၏ အခန်းကဏ္ဍကို လက်ရှိ အကြီးစားဝယ်ယူသူအဖြစ် မဟုတ်ဘဲ တရုတ်အပေါ် မှီခိုမှုလျှော့ချရန် ကြိုးပမ်းနေသည့် မဟာဗျူဟာဆိုင်ရာ Alternative Source တခုအဖြစ် နားလည်သင့်သည်။
ထိုင်းနိုင်ငံအပေါ် သက်ရောက်လာသော နယ်စပ်ဖြတ်ကျော် ပတ်ဝန်းကျင်အန္တရာယ်
မြေရှားကိစ္စ၏ နောက်ထပ် အရေးကြီးသည့်အချက်မှာ သတ္တုတူးဖော်သည့် နိုင်ငံနှင့် ထိခိုက်မှုခံစားရသည့် နိုင်ငံသည် တနိုင်ငံတည်း မဟုတ်နိုင်ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ အရှေ့ပိုင်းရှမ်းပြည်နယ်တွင် မြေရှားတူးဖော်ရေးတိုးလာခြင်းသည် ထိုင်းနိုင်ငံမြောက်ပိုင်း၏ နယ်စပ်ဖြတ်ကျော်ရေး စနစ်များအပေါ် စိုးရိမ်မှုများ ဖြစ်ပေါ်စေခဲ့သည်။ အထူးသဖြင့် ကော့မြစ်နှင့် ဆိုင်မြစ်စနစ်များသည် ရှမ်းပြည်နယ်နှင့် ထိုင်းနိုင်ငံမြောက်ပိုင်းတို့ကို ချိတ်ဆက်ပေးနေသောကြောင့် မြန်မာဘက်ရှိ သတ္တုတူးဖော်ရေးလုပ်ငန်းများမှ ဓာတုပစ္စည်းများနှင့် Heavy Metals များ ရေထဲသို့ ဝင်ရောက်နိုင်မှုသည် နယ်စပ်တဖက်တည်း၏ ပြဿနာမဟုတ်တော့ဘဲ နိုင်ငံနှစ်နိုင်ငံအကြား ပူးပေါင်းစောင့်ကြည့်ရန် လိုအပ်သည့် Transboundary Environmental Governance ပြဿနာ ဖြစ်လာသည်။ ၂၀၂၅ ခုနှစ်တွင် ထိုင်းအစိုးရဘက်မှ ကော့မြစ်၊ ဆိုင်မြစ်၊ ရုခ်မြစ်များ နှင့် အခြားနယ်စပ်ရေအရင်းအမြစ် စနစ်များ၏ ရေအရည်အသွေးကို စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး Arsenic နှင့် Heavy Metal contamination နှင့် ပတ်သက်သည့် စိုးရိမ်မှုများ ထွက်ပေါ်လာခဲ့သည်။ သို့သော် ထိုကဲ့သို့သော ရေညစ်ညမ်းမှုများ၏ အကြောင်းရင်းကို သတ္တုတူးဖော်ရေးတခုတည်းနှင့် ချက်ချင်း သတ်မှတ်ခြင်းထက် သိပ္ပံနည်းကျ စောင့်ကြည့်မှု၊ ရေစီးကြောင်းအလိုက် စမ်းသပ်မှုနှင့် နယ်စပ်ဖြတ်ကျော် အချက်အလက်မျှဝေမှုတို့ဖြင့် သက်သေပြရန် ပိုမိုအရေးကြီးသည်။
မြေရှားတူးဖော်ရေးနှင့် သဘာဝပတ်ဝန်းကျင်၊ ကျန်းမာရေးအကျပ်အတည်း
မြေရှားသည် ကမ္ဘာကြီး၏ Green Transition အတွက် အရေးကြီးသော်လည်း မြေရှားတူးဖော်ခြင်းကိုယ်တိုင်က “Green” ဖြစ်သည်ဟု ဆို၍မရပါ။ အထူးသဖြင့် မြန်မာနိုင်ငံတွင် အသုံးပြုနေသည့် In-situ Leaching နည်းလမ်းများကြောင့် မြေကြီးအတွင်းသို့ Ammonium Sulphate ကဲ့သို့သော ဓာတုပစ္စည်းများ ထည့်သွင်းပြီး မြေရှားဒြပ်စင်များကို ဖျော်ထုတ်ယူကြသည်။ ထိုနည်းလမ်းသည် မြေပြင်ပေါ်တွင် ကြီးမားသည့် Open-pit mine တခုကဲ့သို့ မြင်သာထင်ရှားခြင်း မရှိနိုင်သော်လည်း မြေအောက်ရေ၊ မြေဆီလွှာနှင့် အနီးဝန်းကျင် ရေစနစ်များအပေါ် ရေရှည်ထိခိုက်မှု ဖြစ်စေနိုင်သည်။ Global Witness ၏ လေ့လာချက်များတွင် ကချင်ပြည်နယ်ရှိ မြေရှားတူးဖော်ရေးဒေသများအနီးတွင် အက်ဆစ်ဓာတ်များနှင့် အာဆင်းနစ် ပါဝင်မှုရှိသည့် ရေစီးကြောင်းများနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများကို မှတ်တမ်းတင်ထားသည်။
ထိုသဘာဝပတ်ဝန်းကျင်ဆိုင်ရာ အန္တရာယ်သည် သတ္တုတွင်းအနီးရှိ လူထုအတွက်သာ မဟုတ်ပါ။ ရေသည် နယ်စပ်ကို မသိသောကြောင့် မြန်မာနိုင်ငံ၏ တောင်တန်းဒေသတခုတွင် ဖြစ်ပေါ်သည့် အညစ်အကြေးသည် ရေစီးကြောင်းအတိုင်း အောက်ဘက်ဒေသများသို့ ရောက်ရှိနိုင်သည်။ ထို့ကြောင့် မြေရှားတူးဖော်ရေးကို သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှု ဆန်းစစ်အကဲဖြတ်ချက် ပြုလုပ်ခြင်းတခုတည်းဖြင့် ဖြေရှင်းရန်မလုံလောက်ဘဲ မြေအောက်ရေ၊ မြစ်ချောင်း၊ မြေဆီလွှာနှင့် လူထုကျန်းမာရေးကို ရေရှည်စောင့်ကြည့်သည့် စနစ်များ လိုအပ်သည်။ အထူးသဖြင့် လက်နက်ကိုင်ပဋိပက္ခဖြစ်နေသည့် ဒေသများတွင် ဆေးရုံ၊ ကျန်းမာရေးဌာနနှင့် သဘာဝပတ်ဝန်းကျင်စောင့်ကြည့်ရေးအဖွဲ့များ၏ လုပ်ဆောင်နိုင်စွမ်း အကန့်အသတ် ရှိသောကြောင့် “ဘယ်လောက် ပျက်စီးနေပြီလဲ” ဆိုသည့် မေးခွန်းကိုပင် အတိအကျဖြေဆိုရန် ခက်ခဲနေသည်။ ထို့ကြောင့် မြေရှား၏ အကျိုးအမြတ်ကို တွက်ချက်ရာတွင် သတ္တုတူးဖော်ရေးမှ ရရှိသည့် ငွေကြေးတန်ဖိုးကိုသာ မတွက်ဘဲ သဘာဝပတ်ဝန်းကျင်နှင့် လူထုကျန်းမာရေးအပေါ် ရေရှည်ကုန်ကျစရိတ်ကိုပါ ထည့်သွင်းတွက်ချက်ရမည်ဖြစ်သည်။
“Resource Curse” သယံဇာတပေါကြွယ်ခြင်းက ဘာကြောင့် ပဋိပက္ခကို ပိုမိုရှည်ကြာစေနိုင်သလဲ
မြန်မာ့မြေရှားကိစ္စကို Development Studies ၏ အမြင်ဖြင့် ကြည့်လျှင် “Resource Curse” ဟု ခေါ်သည့် သယံဇာတကျိန်စာပြဿနာနှင့် နီးကပ်စွာ ဆက်စပ်နေသည်။ သယံဇာတ ပေါများခြင်းသည် သီအိုရီအရ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းတခု ဖြစ်နိုင်သော်လည်း အုပ်ချုပ်မှုအားနည်းခြင်း၊ အာဏာပိုင်ဆိုင်မှုအတွက် ပြိုင်ဆိုင်မှုများခြင်း၊ အကျိုးအမြတ် ခွဲဝေမှု မမျှတခြင်းနှင့် လက်နက်ကိုင်ပဋိပက္ခများရှိနေခြင်းတို့နှင့် ပေါင်းစပ် သွားသောအခါ သယံဇာတသည် ဖွံ့ဖြိုးရေး၏အင်ဂျင်အစား ပဋိပက္ခကို ထောက်ပံ့ပေးသည့် ငွေကြေးအရင်းအမြစ်တခု ဖြစ်လာနိုင်သည်။ မြေရှားတူးဖော်ရေးဒေသများတွင် နယ်မြေကို ထိန်းချုပ်နိုင်သူသည် လမ်းကြောင်း၊ သတ္တုတွင်း၊ အခွန်နှင့် အခြားအကျိုးအမြတ်များကို ထိန်းချုပ်နိုင်သောကြောင့် မြေပြင်ပေါ်ရှိ အာဏာဆိုင်ရာပြိုင်ဆိုင်မှုများကို ပိုမိုရှုပ်ထွေးစေသည်။
ထို့ကြောင့် မြေရှားကို “တူးဖော်ပြီး ရောင်းလိုက်ရင် ဝင်ငွေရမယ်” ဆိုသည့် ရိုးရှင်းသော စီးပွားရေးကိစ္စအဖြစ် မမြင်သင့်တော့ပါ။ ဘယ်သူက တူးဖော်ခွင့်ပေးသလဲ၊ ဘယ်သူက လမ်းကြောင်းကို ထိန်းချုပ်သလဲ၊ ဘယ်သူက အခွန်ကောက်သလဲ၊ ဘယ်သူက ဝင်ငွေရသလဲ၊ ဘယ်သူက သဘာဝပတ်ဝန်းကျင်ကုန်ကျစရိတ်ကို ခံရသလဲဆိုသည့် မေးခွန်းများက ပိုမိုအရေးကြီးသည်။ မြန်မာနိုင်ငံကဲ့သို့ အစိုးရအုပ်ချုပ်ရေးနှင့် နယ်မြေအုပ်ချုပ်ရေးများ အပြိုင်ဖြစ်နေသည့် နိုင်ငံတွင် သယံဇာတစီမံခန့်ခွဲရေးသည် အုပ်ချုပ်ရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်ရေးတို့၏ အဓိကအစိတ်အပိုင်းတခု ဖြစ်လာသည်။
မြေရှားအရင်းအမြစ်ကို ဘယ်သူပိုင်သလဲ၊ ဘယ်သူအကျိုးခံစားသလဲ
မြန်မာ့မြေရှားနှင့် ပတ်သက်၍ အရေးအကြီးဆုံးမေးခွန်းမှာ “မြေရှားဘယ်လောက်ရှိသလဲ” မဟုတ်ဘဲ “မြေရှားမှ ရရှိသည့် အကျိုးအမြတ်ကို ဘယ်သူပိုင်ဆိုင်သလဲ” ဆိုသည့် မေးခွန်းဖြစ်နိုင်သည်။ သတ္တုတွင်းတခုသည် ဒေသခံလူထု၏ မြေပေါ်တွင် တည်ရှိနိုင်သော်လည်း တူးဖော်ခွင့်၊ ရင်းနှီးမြှုပ်နှံမှု၊ တင်ပို့မှုနှင့် နောက်ဆုံးထုတ်ကုန်များ၏ အကျိုးအမြတ်သည် နိုင်ငံနှင့် ဒေသခံလူထုလက်ထဲတွင် တိုက်ရိုက်မကျန်ရှိနိုင်ပါ။ အထူးသဖြင့် ပဋိပက္ခဖြစ်နေသည့် နယ်မြေများတွင် ဒေသခံများ၏ Free, Prior and Informed Consent မရှိဘဲ သတ္တုတူးဖော်ရေးလုပ်ငန်းများ ဖြစ်ပေါ်လာနိုင်ပြီး သဘာဝပတ်ဝန်းကျင်ပျက်စီးမှု၏ အကျိုးဆက်ကို ဒေသခံများက ခံစားရသော်လည်း ငွေကြေးအကျိုးအမြတ်၏ အများစုကို အခြားကွန်ရက်များက ရရှိနိုင်သည်။
ထိုအခြေအနေသည် Environmental Justice နှင့် Federal Resource Governance တို့၏ အရေးပါမှုကို ပြသနေသည်။ သယံဇာတရှိသည့် ပြည်နယ်နှင့် ဒေသများသည် မိမိတို့၏ သဘာဝအရင်းအမြစ်များအပေါ် ဆုံးဖြတ်ပိုင်ခွင့်၊ အကျိုးအမြတ်ခွဲဝေခွင့်နှင့် ပတ်ဝန်းကျင်ကာကွယ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များတွင် ပါဝင်ခွင့်ရှိရန် လိုအပ်သည်။ ဖက်ဒရယ်စနစ်သည် အာဏာခွဲဝေခြင်းတခုတည်း မဟုတ်ဘဲ သယံဇာတများကို မည်သို့စီမံခန့်ခွဲမည်၊ အခွန်နှင့် ဝင်ငွေများကို မည်သို့ခွဲဝေမည်၊ ဒေသခံလူထု၏ သဘောတူညီချက်ကို မည်သို့ရယူမည်နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအတွက် မည်သူက တာဝန်ယူမည်ဆိုသည့် အချက်များပါဝင်သည့် နိုင်ငံရေးအုပ်ချုပ်မှုဆိုင်ရာ မေးခွန်းတခုလည်း ဖြစ်သည်။
ဖက်ဒရယ်သယံဇာတစီမံခန့်ခွဲမှုနှင့် အနာဂတ်မြန်မာနိုင်ငံ
မြန်မာနိုင်ငံ၏ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီစနစ်အတွက် သယံဇာတစီမံခန့်ခွဲမှုသည် အခြေခံကျသည့် ကိစ္စတခု ဖြစ်လာနိုင်သည်။ ကချင်၊ ရှမ်းနှင့် အခြားတိုင်းရင်းသားဒေသများတွင် ရှိသည့် သဘာဝသယံဇာတများကို ဗဟိုအစိုးရတခုတည်းက ဆုံးဖြတ်ပြီး ထုတ်ယူသည့် စနစ်အစား ပြည်နယ်အစိုးရများ၊ ဒေသခံလူထုများ၊ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် သက်ဆိုင်ရာ အခြား Stakeholders များ ပါဝင်နိုင်သည့် အုပ်ချုပ်ရေးစနစ်တခု လိုအပ်သည်။ ထိုစနစ်တွင် သတ္တုတူးဖော်ရေးမစတင်မီ Environmental and Social Impact Assessment များကို လွတ်လပ်စွာပြုလုပ်နိုင်ရမည်။ ဒေသခံလူထု၏ သဘောတူညီချက်နှင့် အချက်အလက်ရရှိပိုင်ခွင့်ကို အာမခံရမည်။ သတ္တုတူးဖော်ရေးမှ ရရှိသည့် အခွန်နှင့် ဝင်ငွေများကို တရားမျှတစွာ ခွဲဝေပေးနိုင်ရမည်။ ထိခိုက်သည့် ဒေသများအတွက် Rehabilitation Fund နှင့် သဘာဝပတ်ဝန်းကျင် စောင့်ကြည့်ရေးစနစ်များ ထားရှိရမည်။ ထိုသို့မလုပ်နိုင်ပါက ငြိမ်းချမ်းရေးရရှိပြီးနောက်ပင် သယံဇာတပိုင်ဆိုင်မှုနှင့် အကျိုးအမြတ်ခွဲဝေမှုသည် ပဋိပက္ခအသစ်များ၏ အကြောင်းရင်းတခု ဖြစ်လာနိုင်သည်။
ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် မြေရှားကို Raw Material အဖြစ် တူးဖော်တင်ပို့ခြင်းထက် ပြည်တွင်း Value Addition ကို တဖြည်းဖြည်းတည်ဆောက်နိုင်ရန်လည်း စဉ်းစားရန်လိုသည်။ သို့သော် လက်ရှိပဋိပက္ခနှင့် အုပ်ချုပ်ရေးအခြေအနေများအောက်တွင် ချက်ချင်း Refining industry တည်ဆောက်ခြင်းထက် သဘာဝပတ်ဝန်းကျင်စံနှုန်းများ၊ နည်းပညာကျွမ်းကျင်မှု၊ စွမ်းအင်ရရှိနိုင်မှု၊ လုံခြုံရေးနှင့် စျေးကွက်စီမံခန့်ခွဲမှုတို့ကို အရင်တည်ဆောက်ရန်လိုအပ်သည်။ မည်သည့်စက်မှုလုပ်ငန်းမဆို တန်ဖိုးမြှင့်ထုတ်လုပ်မှုဟူသော အမည်အောက်တွင် ပတ်ဝန်းကျင်နှင့် လူထုကို ထပ်မံစွန့်လွှတ်စေခြင်းမျိုး မဖြစ်သင့်ပေ။
Green Transition ၏ နောက်ကွယ်က “Sacrifice Zone” ဖြစ်လာမလား
ကမ္ဘာကြီးသည် ရာသီဥတုပြောင်းလဲမှုကို တုံ့ပြန်ရန် Fossil Fuel မှ Clean Energy သို့ ကူးပြောင်းနေသည်။ လျှပ်စစ်ကားတစီးသည် ရေနံသုံးကားထက် ပတ်ဝန်းကျင်အတွက် ပိုမိုကောင်းမွန်နိုင်သော်လည်း ထိုလျှပ်စစ်ကား၏ မော်တာအတွင်း အသုံးပြုသည့် Magnet ကို ထုတ်လုပ်ရန် လိုအပ်သည့် မြေရှားသည် မည်သည့်နေရာမှ ရောက်လာသလဲဆိုသည့် မေးခွန်းကို မေ့ထား၍မရပါ။ ကမ္ဘာ့မြောက်ဘက်ရှိ နိုင်ငံများတွင် Clean Energy Transition ဖြစ်ပေါ်နေချိန် မြန်မာနိုင်ငံ၏ စစ်ပွဲဖြစ်နေသည့် တောင်တန်းဒေသများတွင် သတ္တုတူးဖော်ရေးကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးနေပါက ထိုစွမ်းအင်အကူးအပြောင်းသည် လူတိုင်းအတွက် “Clean” ဖြစ်နေခြင်းမဟုတ်တော့ပါ။ တနေရာတွင် Carbon Emissions လျှော့ချနိုင်ရန်အတွက် အခြားနေရာတခုတွင် မြစ်၊ မြေ၊ သစ်တောနှင့် လူထုကျန်းမာရေးကို စွန့်လွှတ်ရသည့် အခြေအနေဖြစ်လာနိုင်သည်။
ထိုကြောင့် မြန်မာ့မြေရှားအကြောင်းကို ကမ္ဘာ့ဈေးကွက်၊ တရုတ်နိုင်ငံ၏ စက်မှုလုပ်ငန်းနှင့် လျှပ်စစ်ကားများအကြောင်းသာ ပြော၍မပြီးပါ။ ၎င်းသည် စစ်ပွဲနှင့် ငြိမ်းချမ်းရေး၊ နယ်မြေအုပ်ချုပ်မှုနှင့် ဖက်ဒရယ်စနစ်၊ သဘာဝပတ်ဝန်းကျင်နှင့် လူ့အခွင့်အရေး၊ နယ်စပ်ဖြတ်ကျော်ရေစနစ်နှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု၊ တရုတ်–အမေရိကန် မဟာဗျူဟာပြိုင်ဆိုင်မှုနှင့် ကမ္ဘာ့ Green Transition တို့အားလုံးကို တပြိုင်နက်တည်း ဆက်စပ်ထားသည့် ကိစ္စတခု ဖြစ်သည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့စွမ်းအင်အကူးအပြောင်းအတွက် လိုအပ်သည့် Critical Minerals များ၏ အရင်းအမြစ်တခု ဖြစ်လာနေသော်လည်း ထိုအရင်းအမြစ်သည် မြန်မာပြည်သူများအတွက် ဖွံ့ဖြိုးရေးအကျိုးအမြတ် ဖြစ်လာမလား၊ သို့မဟုတ် စစ်ပွဲနှင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကို ပိုမိုရှည်ကြာစေမည့် အရင်းအမြစ်ဖြစ်လာမလားဆိုသည်မှာ ယနေ့အချိန်တွင် အလွန်အရေးကြီးသည့် မေးခွန်းဖြစ်သည်။
အဆုံးသတ်အားဖြင့် မြန်မာ့မြေရှား၏ ဇာတ်လမ်းကို အောက်ဆုံးအဆင့်မှ စတင်ကြည့်လျှင် သတ္တုတူးဖော်ရေးဇုန်တခုကို တွေ့ရမည်။ ထိုနေရာမှ နယ်စပ်ဖြတ်ကျော်သွားလျှင် တရုတ်နိုင်ငံ၏ စက်ရုံများနှင့် Refining facilities များကို တွေ့ရမည်။ ထိုမှတဆင့် Magnet စက်ရုံများ၊ လျှပ်စစ်ကားများ၊ လေအားလျှပ်စစ်တာဘိုင်များနှင့် ကမ္ဘာ့နည်းပညာစက်မှုလုပ်ငန်းများသို့ ဆက်သွားမည်။ သို့သော် ထိုကွင်းဆက်၏အစမှာ ကချင်နှင့် ရှမ်းပြည်နယ်ရှိ မြေ၊ သစ်တော၊ မြစ်ချောင်းနှင့် ဒေသခံလူထုများ ဖြစ်နေသည်။ အဆုံးတွင် ကမ္ဘာ့ဈေးကွက်က Clean Energy နှင့် High-Tech Products များကို ရရှိနေချိန် ထိုထုတ်ကုန်များအတွက် လိုအပ်သည့် အရင်းအမြစ်၏ ပတ်ဝန်းကျင်နှင့် လူမှုဇီဝ အသိုက်အဝန်း ၏ ထိခိုက်ခံစားရမှုများအပေါ် တာဝန်ယူမှု ကင်းမဲ့နေကြသည်။
ထို့ကြောင့် မြန်မာ့မြေရှားအကြောင်းကို “မြန်မာနိုင်ငံက မြေရှားဘယ်လောက်ထုတ်သလဲ” ဆိုသည့် စာရင်းကိန်းဂဏန်းတခုအဖြစ်သာ မမြင်သင့်တော့ပေ။ မည်သူက သတ္တုတွင်းကို ထိန်းချုပ်သလဲ၊ မည်သူက တူးဖော်ခွင့်ကို ဆုံးဖြတ်သလဲ၊ မည်သူက အခွန်နှင့် အကျိုးအမြတ်ကို ရသလဲ၊ မည်သူက သတ္တုကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ပြောင်းလဲနိုင်သလဲ၊ မည်သူက ပတ်ဝန်းကျင်ပျက်စီးမှုကို ခံရသလဲ၊ မည်သူက နောက်ဆုံးတွင် ကမ္ဘာ့ဈေးကွက်အာဏာကို ကိုင်ထားသလဲဆိုသည့် မေးခွန်းများကိုပါ တပြိုင်နက်တည်း မေးရမည်ဖြစ်သည်။ မြေရှားသည် မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးရေးအခွင့်အလမ်း ဖြစ်နိုင်သည်။ သို့သော် ထိုအခွင့်အလမ်းသည် တရားမျှတသော အုပ်ချုပ်မှု၊ ဒေသခံလူထု၏ ပါဝင်ခွင့်၊ ပတ်ဝန်းကျင်ကာကွယ်ရေး၊ အကျိုးအမြတ်မျှဝေမှုနှင့် ဖက်ဒရယ် သယံဇာတစီမံခန့်ခွဲမှုတို့နှင့် မချိတ်ဆက်နိုင်ပါက မြေရှားသည် “အနာဂတ်စွမ်းအင်၏ သတ္တု” ဖြစ်နေသော်လည်း မြန်မာနိုင်ငံအတွက်တော့ “အတိတ်ပဋိပက္ခများကို ထပ်မံရှည်ကြာစေသည့် သယံဇာတ” ဖြစ်သွားနိုင်သည်။ ကမ္ဘာကြီးက Green Transition ကို အရှိန်မြှင့်နေချိန်တွင် မြန်မာနိုင်ငံအနေဖြင့် ရွေးချယ်ရမည့်လမ်းမှာ သတ္တုကို တူးဖော်ရောင်းချနိုင်ခြင်း တခုတည်း မဟုတ်ဘဲ သယံဇာတကို ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် မည်သို့စီမံခန့်ခွဲမည်နည်း ဆိုသည့် မေးခွန်းပင် ဖြစ်သည်။
အဓိကအချက်မှာ မြေရှား၏ တန်ဖိုးကို ကမ္ဘာ့ဈေးကွက်က သတ်မှတ်နိုင်သော်လည်း မြေရှားကြောင့် ဖြစ်ပေါ်လာမည့် အနာဂတ်ဖွံ့ဖြိုးရေး၏ အဓိပ္ပာယ်နှင့် အကျိုးသက်ရောက်မှု ဖြစ်တန်စွမ်းတို့အပေါ် မြန်မာပြည်သူများကသာ ဆုံးဖြတ်ရမည်ဖြစ်သည်။
ကိုနစ်ခ်











