အီရန်နိုင်ငံရဲ့ ကမ္ဘာ့အကြီးဆုံး ဓာတ်ငွေ့သိုက်ကို အစ္စရေးက တိုက်ခိုက်ခဲ့တာကို သူ ဘာမှမသိခဲ့ဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောကြားလိုက်ပါတယ်။
အစ္စရေးဟာ ဒေါသအလျောက် ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုမှာ ဆောက်ပါးစ် (South Pars) ဓာတ်ငွေ့သိုက်ကြီးတခုလုံးရဲ့ အပိုင်းသေးသေးလေးကို ထိမှန်ခဲ့တယ်လို့ ထရမ့်ပ်က သူ ပိုင်တဲ့ လူမှုကွန်ရက် Truth Social မှာ ရေးပါတယ်။
ဆောက်ပါးစ် ဓာတ်ငွေ့သိုက်ဟာ ပါရှန်းပင်လယ်ကွေ့မှာ တည်ရှိပြီး အီရန်နဲ့ ကာတာတို့ မျှဝေပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။
လက်တုံ့ပြန်တဲ့အနေနဲ့ အီရန်ဟာ ကာတာရဲ့ ရက်စ်လာဖန်က သဘာဝဓာတ်ငွေ့ရည် (LNG) စက်ရုံကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ရာမှာ အကြီးအကျယ် ပျက်စီးခဲ့တယ်လို့ ကာတာနိုင်ငံပိုင် ရေနံနဲ့ သဘာဝဓာတ်ငွေ့ကုမ္ပဏီက ထုတ်ပြန်ပါတယ်။
ထရမ့်ပ်ကတော့ အီရန်က ကာတာဓာတ်ငွေ့စက်ရုံကို ပြန်တိုက်တာဟာ အကျိုးအကြောင်း မဆီလျော်သလို မမျှတဘူးလို့ ဝေဖန်ပါတယ်။
အင်မတန် တန်ဖိုးရှိ၊ အရေးပါတဲ့ ဆောက်ပါးစ် ဓာတ်ငွေ့သိုက်ကို အစ္စရေးက ထပ်တိုက်တော့မှာ မဟုတ်သလို အီရန်ကလည်း ကာတာကို ထပ်မတိုက်ဖို့ ထရမ့်ပ်က တိုက်တွန်းခဲ့ပါတယ်။
အီရန်က ထပ်တိုက်မယ် ဆိုရင်တော့ အဲဒီ ဆောက်ပါးစ် ဓာတ်ငွေ့သိုက်ကြီးကို တခါမှ မမြင်ဘူးတဲ့ စွမ်းပကားမျိုးနဲ့ အကြီးအကျယ် ဖောက်ခွဲပစ်မယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။
အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နိုင်ငံ၊ အဘူဒါဘီမှာ ရှိတဲ့ ဟက်ဘာရှန်ဓာတ်ငွေ့စက်ရုံတွေ ကိုလည်း အီရန်က တိုက်ခိုက်ခဲ့သလို ဆော်ဒီအာရေဗျက ရေနံချက်စက်ရုံ ၂ ခုကိုလည်း တိုက်ခိုက်ခဲ့ပါတယ်။
အီရန်အပေါ် နည်းနည်းလေးကျန်တဲ့ ယုံကြည်မှု လုံးဝပျက်စီးသွားပြီလို့ ဆော်ဒီဘက်က ထုတ်ပြန်ထားပါတယ်။
အီရန်သမ္မတ မာဆွတ် ပေဇက်ခ်ခီယန်က ထိန်းချုပ်မရနိုင်တဲ့ အကျိုးဆက်တွေ တကမ္ဘာလုံးကို လွှမ်းခြုံသွားစေမယ်လို့ သတိပေးထားပါတယ်။










