DVB Logo
Home
မြန်မာသတင်း
စစ်တွေ ဒကစ အနီး၌ တိုက်ပွဲပြင်းထန်
DVB
·
June 3, 2026
Photo: AA
Photo: AA
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အခြေစိုက် ဒကစ ဌာနချုပ်အနီးမှာ စစ်အာဏာရှင်တပ်နဲ့ အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်တပ်က လက်နက်ကြီး ပစ်ကူတွေနဲ့ အပြင်းအထန် ခုခံနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်တွေမြို့နယ်မှာ မေ ၂၆ ရက်ကတည်းက တိုက်ပွဲတွေ စတင်ဖြစ်ပွားနေပြီး ဒကစ-စစ်တွေ ဌာနချုပ်ရဲ့ ရှေ့တန်းကာကင်းတွေဖြစ်တဲ့ ကံကော်ကျွန်း၊ တောကန်နဲ့ ကျောက်တန်းချေကျေးရွာ အနီးမှာ တိုက်ပွဲတွေ ဖြစ်ပွားနေကာ စစ်အာဏာရှင်တပ်ဘက်က လက်နက်ကြီးပစ်ကူတွေနဲ့ ခုခံတိုက်ခိုက် နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။

“စစ်တွေမှာ တိုက်ပွဲတွေက နေ့တိုင်းနီးပါး ရှိနေတယ်။ အဓိကတော့ ကံကော်ကျွန်း၊ တောကန်၊ ကျောက်တန်းချေနဲ့ ဝါဘို အနီးတဝိုက်မှာ တိုက်ပွဲတွေ ဖြစ်နေကြတာ။ မြေပြင်မှာ လက်နက်ငယ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ရှိသလို လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်နေကြတာတွေ ရှိတယ်။ စစ်တပ်ဘက်ကတော့ ဒကစ-ဌာနချုပ်ကနေ လက်နက်ကြီးတွေနဲ့ အဓိက ပစ်ကူပေးနေသလို ပုဏ္ဏားကျွန်းနယ်စပ်က ကျေးရွာတွေကိုလည်း ပစ်ခတ်တိုက်ခိုက်နေတာတွေ ရှိတယ်။”

လက်ရှိ တိုက်ပွဲဖြစ်ပွားနေကြတဲ့ ကံကော်ကျွန်း၊ တောကန်နဲ့ ကျောက်တန်းချေတို့ဟာ ဒကစ-ဌာနချုပ်နဲ့ ၃ မိုင်နဲ့ ၄ မိုင်ကြား ပတ်ဝန်းကျင်သာ ကွာဝေးတော့တယ်လို့ စစ်တွေဒေသခံတွေဆီက သိရပါတယ်။

စစ်အာဏာရှင်တပ်နဲ့ အာရက္ခတပ်တော်တို့ဟာ စစ်တွေနဲ့ ပုဏ္ဏားကျွန်း နယ်စပ်တလျှောက်လုံးမှာ နှစ်ဖက် စစ်ဆိုင်ထားကြပြီး လက်နက်ကြီး၊ ဒရုန်းတွေနဲ့ နေ့စဉ်နေ့တိုင်း အပြန်အလှန် ပစ်ခတ်တိုက်ခိုက်နေကြပါတယ်။

အာရက္ခတပ်တော်ဟာ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ ရသေ့တောင်မြို့နယ်တို့ကို သိမ်းပိုက် ထိန်းချုပ်ထားတာဖြစ်ပြီး အဲဒီမြို့နယ်တွေက တဆင့် စစ်ရေးအရ ဖိအားပေးနေသလို ပုဏ္ဏားကျွန်း နယ်စပ်ဘက်ကလည်း မြေပြင် ထိုးစစ်ဆင် နေတာလည်း ဖြစ်ပါတယ်။

စစ်တွေမြို့နယ် နယ်စပ်မှာ တိုက်ပွဲတွေ နေ့တိုင်းရှိနေပြီး ညအချိန်နဲ့ မနက်ပိုင်းတွေမှာ လက်နက်ကြီး ပစ်ခတ်သံတွေ နေ့တိုင်းကြားနေကြရတယ်လို့ ပုဏ္ဏားကျွန်းဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။

“တိုက်ပွဲတွေ နေ့တိုင်းလိုလို ရှိနေတာ။ ညအချိန်ဆို လက်နက်ကြီးသံတွေ နေ့တိုင်းကြားနေရတယ်။ စစ်တွေနဲ့ ပုဏ္ဏားကျွန်း အစပ်ဘက်ကနေ ပစ်ခတ်တာလို့ မှန်းဆရတယ်။ ဘယ်နေရာဆိုတာတော့ ကျနော်တို့လည်း အတိအကျ မပြောနိုင်ဘူး။ တိုက်ပွဲဖြစ်နေကြတာတော့ ရှိတယ်။”

စစ်တွေစစ်မျက်နှာမှာ စစ်အာဏာရှင်ရေတပ်က အင်အားဖြည့်တင်းမှုတွေကို ဆက်တိုက် ပြုလုပ်နေပေမဲ့လည်း အာရက္ခတပ်တော်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် မြစ်ဝတွေကို မဝင်ရဲတော့ဘဲ ပင်လယ်ပြင်ကိုသာ အဓိက နေရာယူပြီး သွားလာလှုပ်ရှားနေတာလို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

အာရက္ခတပ်တော်ဟာ ရခိုင်ပြည်နယ်က မြို့နယ် ၁၄ ခုနဲ့ ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက် ထိန်းချုပ်လိုက်ပြီးနောက် လက်ကျန် ၃ မြို့ထဲက စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်တို့မှာ ထိုးစစ်ဆင် တိုက်ခိုက် နေတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013