
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ဒေသမှာ သမိုင်းတလျှောက်စံချိန်တင် မိုးရေချိန် ၂၈၀ မီလီမီတာ အထိ ရွာသွန်းခဲ့မှုကြောင့် ပြည်သူ ၁၈,၀၀၀ ကျော် ရေဘေးသင့်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန က စက်တင်ဘာ ၂၈ မှာထုတ်ပြန်ပါတယ်။
လက်ရှိမှာလည်း လောင်းလုံးမြို့နယ်ထဲက ဒေသခံ ၅၆၀ ကျော် ယာယီ စခန်းတွေမှာ ခိုလှုံနေရပြီး ရေကြီးရေလျှံနေတဲ့ကြားက စစ်အာဏာရှင်တပ် စစ်ကြောင်းတွေ ဝင်လာတာကြောင့် ရေဘေးသင့် ပြည်သူတွေဟာ စစ်ဘေးပါ ထပ်မံတိမ်းရှောင်နေရပြီး တပူပေါ် နှစ်ပူဆင့်အခြေအနေနဲ့ ရင်ဆိုင် နေရတယ်လို့လည်း ထုတ်ပြန်ပါတယ်။
ရေကြီး မြေပြိုမှုကြောင့် သရက်ချောင်းမြို့နယ်မှ ပြည်သူ ၁၈,၀၀၀ ကျော် ရေဘေးသင့်ခဲ့ပြီး၊ လောင်းလုံးမြို့နယ်မှာလည်း နေအိမ် အလုံး ၈၀ ကျော် မြေပိနစ်မြုပ်ကာ ၃ ဦး သေဆုံးပြီး ၁၂ ဦး ကျော် ပျောက်ဆုံးနေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီလိုအခြေအနေမှာပဲ မောတောင်ဘက်မှာလည်း နေရပ်ပြန် စစ်ဘေးရှောင်တွေကို စစ်အာဏာရှင်တပ်က ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။
NUG ဝန်ကြီးဌာနအနေနဲ့ တနင်္သာရီတိုင်းအတွင်းက ရေဘေးသင့် ပြည်သူတွေအတွက် အရေးပေါ် စားနပ်ရိက္ခာ အထောက်အပံ့အဖြစ် မြန်မာငွေကျပ် သိန်း ၆၀ နဲ့ ညီမျှတဲ့ ထိုင်းဘတ်ငွေ ၄၅,၀၀၀ ကို ပထမအကြိမ်အဖြစ် ပံ့ပိုးပေးထားပြီး မြေပြင်အချက်အလက်တွေကို ဆက်လက် ကောက်ယူပြီး ထောက်ပံ့မှုတွေ တိုးမြှင့် ဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ပါတယ်။










