DVB Logo
Home
နိုင်ငံတကာ
ဘန်ကောက် ရေဘေးသင့် ပြည်သူများထံ ဒရုန်းများဖြင့် အစားအစာများ ပို့ပေး
DVB
·
September 30, 2026
Photo: Khaosod 
Photo: Khaosod 
Donate to DVB

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က  ရေဘေးသင့် ပြည်သူတွေထံ  အစားအစာတွေကို  ကယ်ဆယ်ရေး အဖွဲ့တွေက ဒရုန်းနဲ့ ပို့ဆောင်ပေးခဲ့တယ်လို့ Khaosod  ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

ဘန်ကောက်၊ ခေဟာရွမ်ကလောက်အရပ်ရှိ လှေတွေသွားလာဖို့ ခက်ခဲတဲ့ တချို့နေရာတွေမှာ ရေကြီးရေလျှံမှုကြောင့် ပိတ်မိနေတဲ့ ပြည်သူတွေထံ အစားအစာနဲ့ အရေးပေါ် ထောက်ပံ့ရေး ပစ္စည်းတွေ ပို့ဆောင်ပေးဖို့ ကုန်ပစ္စည်းတင် ပို့ဆောင်ရေး ဒရုန်းကြီး ၂ စီးကို အသုံးပြုပေးပို့နေတာ လို့ဆိုပါတယ်။

ထိုင်း ဒုတိယဝန်ကြီးချုပ်လည်းဖြစ် အဆင့်မြင့်ပညာ၊ သိပ္ပံ၊ သုတေသနနှင့် ဆန်းသစ်တီထွင်ရေး ဝန်ကြီး ယော့ချာနန် ဝုန်းဆဝတ်က အဆိုပါ လုပ်ငန်းစဉ်မှာ ဒရုန်း ၆ စီးကို စေလွှတ် အသုံးပြု နေတယ်လို့ ပြောပါတယ်။

ရေကြီးရေလျှံ ဧရိယာတွေကို ကွင်းဆင်းကြည့်ရှုဖို့နဲ့ အခြေအနေတွေကို အကဲဖြတ်ဖို့အတွက်  ဒရုန်းအသေး ၄ စီးကို အသုံးပြုနေပြီး ၈၀ ကီလိုဂရမ်အထိ သယ်ဆောင်နိုင်တဲ့ ဒရုန်းကြီး ၂ စီး ကိုတော့ မီတာ ၂၀ ရှည်တဲ့ ကြိုးတွေသုံးကာ  ထောက်ပံ့ရေးပစ္စည်းတွေ ပို့ဆောင်ဖို့ အသုံးပြု နေတယ် လို့ ဆိုပါတယ်။

ပိတ်မိနေတဲ့ ရေဘေးသင့် ပြည်သူတွေထံ ဒရုန်းတွေနဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို အောင်မြင်စွာ ပို့ဆောင်ပေးနိုင်ခဲ့တာကို ကိုယ်တိုင် မြင်တွေ့ခဲ့ရတယ်လို့ ဝန်ကြီး ယော့ချာနန်က ပြောကြား ခဲ့ပါတယ်။

အဆိုပါ လုပ်ငန်းစဉ်ဟာ ရေအလွန်ကြီးမားစွာ လျှံတက်နေပြီး ခြံစည်းရိုးတွေ ကာရံထားလို့ ပြည်သူ တွေထံ ထောက်ပံ့ရေးပစ္စည်းတွေ သွားရောက်ပို့ဆောင်ဖို့ လှေတွေ ဝင်ရောက်နိုင်ခြင်းမရှိတဲ့ နေရာ တွေကို ပစ်မှတ်ထား ဆောင်ရွက်တာဖြစ်ပါတယ်။

အဆိုပါ စေတနာ့ဝန်ထမ်း လုပ်ငန်းစဉ်ကို လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေး ဝန်ကြီးဌာန၊ ရုံဆိုင်းကယ်ဆယ်ရေး လုပ်သားများ၊ အဆင့်မြင့်ပညာ၊ သိပ္ပံ၊ သုတေသနနဲ့ ဆန်းသစ်တီထွင်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ရုံး၊ King Mongkut's University of Technology North Bangkokနဲ့  Sistronics ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။

လူမှုဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနဟာ အဆိုပါ ရေဘေးသင့်ဒေသမှာ ဗဟိုချက်ပြုတ်ရေး နေရာတခုကိုလည်း ထူထောင်ထားပြီး ပို့ဆောင်မှုတွေ မြန်ဆန်စေဖို့အတွက် အစားအစာ ပြင်ဆင် ချက်ပြုတ်တဲ့ နေရာကို ရေးဘေးသင့်အသိုက်အဝန်းနဲ့ ပိုမိုနီးကပ်တဲ့ အကွာအဝေးသို့ ရွှေ့ပြောင်း ပေးထားပါတယ်။

ထိုင်းနိုင်ငံတဝန်း ဘန်ကောက်အပါအဝင်  ခရိုင် ၃၀ နီးပါးမှာ ရေကြီးရေလျှံမှုတွေကြောင့် လူပေါင်း ၂ ဒသမ ၆ သန်းလောက် ရေဘေးခံစားရပြီး ၂၂ ယောက် သေဆုံးခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ 

Source: Khaosod 

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013