
ဂါဇာကမ်းမြောက်ဒေသမှာ နိုဝင်ဘာ ၇ ရက်က မိုးသည်းလို့ နေရပ်စွန့်ခွာထွက်ပြေးလာရတဲ့ ပါလက်စတိုင်းတွေ ခိုလှုံနေထိုင်ရာ တဲတွေပတ်လည်က ရေထဲမှာ မိသားစုတွေ ဖြတ်သန်းသွားလာနေကြရပါတယ်။
အစ္စရေးက ဂါဇာကို တိုက်ခိုက်အပြီး စခန်းတွေမှာနေရတဲ့ နေရပ်စွန့်ခွာသူ မိသားစုတွေအတွက် အခု တတိယမြောက် ဆောင်းရာသီကို ရင်ဆိုင်နေရချိန်မှာ ရေကြီးမှုတွေက သူတို့ရဲ့ နေ့စဉ်ဘဝကို ပိုခက်ခဲကျပ်တည်းစေပါတယ်။
ရေတွေကို တံမြက်စည်းနဲ့ လှည်း ထုတ်နေတဲ့ ပါလက်စတိုင်းအမျိုးသမီးက “ကျမဆောင်းရာသီကို မုန်းတယ်။ ဘုရားသခင်ကို တိုင်တည်ပြီး ပြောရရင်၊ ကျမတို့ သည်းခံပြီး လက်ခံနေကြပေမဲ့ ဆောင်းရာသီကိုတော့ တကယ်ကို မုန်းတယ်။ ကိုယ်တော်မြတ်ဟာ အကောင်းဆုံး စီမံခန့်ခွဲသူ ဖြစ်ပါတယ်။ ကျမတို့ကို သနားတော်မူပါ” လို့ ပြောပါတယ်။
ဟားမတ်စ် လက်နက်ကိုင်အဖွဲ့ဟာ တနှစ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ပြီး လက်နက်တွေပြန်စုပြီး တိုက်ခိုက်နေတယ်လို့ အစ္စရေးက ပြောထားပြီး၊ မကြာသေးမီ သီတင်းပတ်တွေအတွင်း ဟားမတ်စ်အဖွဲ့အပေါ် တိုက်ခိုက်တာတွေကို အစ္စရေးက ပိုတိုးမြှင့်လုပ်ဆောင်လာခဲ့ပါတယ်။
ဟားမတ်စ်အဖွဲ့ကတော့ တိုက်ခိုက်ဖို့ ကြိုးပမ်းနေတာ ဒါမှမဟုတ် လက်နက်အင်အား ပြန်လည်တည်ဆောက်နေတာမျိုး မရှိဘူးလို့ ငြင်းဆိုထားပြီး၊ အစ္စရေးအနေနဲ့ ဂါဇာငြိမ်းချမ်းရေး သဘောတူညီချက်ကို ပျက်ပြားအောင် လုပ်နေတယ်လို့ စွပ်စွဲထားပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ရထားတဲ့ မနှစ်က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ထဲမှာ ဂါဇာဒေသကို ပြန်လည်တည်ဆောက်ရေး အစီအစဉ်တွေ ပါပါတယ်။
ဒါပေမဲ့ဟားမတ်စ်အဖွဲ့ လက်နက်စွန့်လွှတ်ရေး ဒါမှမဟုတ် ဒေသခံတွေကို ထွက်ခွာခိုင်းပြီးတဲ့နောက် နယ်မြေရဲ့ ၃ ပုံ ၂ ပုံလောက်ကို ထိန်းချုပ်ထားတဲ့ အစ္စရေး တပ်ဖွဲ့တွေ ပြန်ရုပ်သိမ်းရေးဆိုင်ရာ စည်းကမ်းချက်တွေကို ညှိနှိုင်းရေးမှူးတွေက သဘောမတူနိုင်ခဲ့လို့ တိုးတက်မှု နည်းနည်းသာ ရှိခဲ့ပါတယ်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်မှာ ဟားမတ်စ်ဦးဆောင်တဲ့ တိုက်ခိုက်ရေးသမားတွေက အစ္စရေးနိုင်ငံတောင်ပိုင်းမှာ လူပေါင်း ၁,၂၀၀ လောက်ကို သတ်ဖြတ်ခဲ့ပြီးတဲ့နောက် အစ္စရေးက ဂါဇာဒေသကို စစ်ဆင်ရေးစခဲ့လို့ ပဋိပက္ခ အတွင်း ပါလက်စတိုင်း ၇၄,၀၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ ပါလက်စတိုင်း အာဏာပိုင်တွေက ပြောပါတယ်။
Source: Reuters











